တပ်မတော်က အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းအတွင်း ချိပ်ပိတ်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရုံးတွေ ပြန်လည်ဖွင့်လှစ်နေပြီလို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းပြီးနောက် သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တိုင်းနဲ့ ပြည်နယ်က ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သလို ပါတီရဲ့ ရုံးတွေကိုလည်း ဝင်ရောက်ရှာဖွေပြီး ချိပ်ပိတ်ခဲ့တာပါ။
ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ ပြန်လည်လွတ်မြောက်လာခဲ့သလို ပါတီရဲ့ ရုံးတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့တာ ဖြစ်ပြီး သိမ်းဆည်းခဲ့တဲ့ ပစ္စည်းတွေလည်း ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
NLD ပါတီ ဧရာဝတီတိုင်းရုံး တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးက "ကျမကို မနေ့က ချိပ်ပိတ်တုန်းကပါတဲ့ ရဲအရာရှိက ဖုန်းဆက်လာပါတယ်။ ဒီနေ့ပါတီရုံးကို ချိပ်ပြန်ဖွင့်ပေးမယ် ပြောတယ်။ ကျမတို့ ရောက်လာတော့ မနေ့က ရှာဖွေပုံစံနဲ့ သိမ်းသွားတဲ့ ပစ္စည်းတွေကို အကုန်ပြန်အပ်ပါတယ်။ ပစ္စည်းတွေပြန်ရတဲ့အကြောင်း လက်မှတ်ထိုးပေးရပါတယ်” လို့ DVB ကို ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း တိုင်း၊ ခရိုင်နဲ့ မြို့နယ် NLD ပါတီရုံးတွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က ဝင်ရောက်စစ်ဆေးတာတွေပြုလုပ်ပြီး ပြန်ပစ္စည်းတချို့နဲ့ စာရွက်စာတမ်း တွေကို သိမ်းဆည်းခဲ့ပြီး ဖေဖော်ဝါရ ၂ ရက်နေ့မှာ ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ခုလို ပါတီရုံးကို ချိပ်ပြန်ဖွင့်ပေးတဲ့အတွက် ပါတီရဲ့လုပ်ရမယ့် အလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဒေါ်ခင်လှဌေးက ပြောပါတယ်။
သတင်း - မင်းထက်မုန်း