စစ်တပ်က အာဏာသိမ်းပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကို ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းကစပြီး နေအိမ်တွေကို ပြန်လွှတ်ပေးနေရာမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း ပြန်လည်လွတ်မြောက်လာပြီလို့ အန်အယ်လ်ဒီ ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက ပြောပါတယ်။
လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်တွေကိုတော့ နေအိမ်မှာပဲ အကျယ်ချုပ်သဘောမျိုး ဆက်လက်ထားရှိတယ်လို့ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်း ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်တွေကတော့ မန္တလေးတိုင်း ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တို့ဖြစ်ပြီး ကျန်ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တချို့ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲလို့ သိရပါတယ်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လည် လွတ်မြောက်လာခြင်းရှိ မရှိတော့ အခြေအနေ မသိရသေးဘူးလို့ အန်အယ်လ်ဒီ အသိုင်းအဝိုင်းက ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးဖို့ အန်အယလ်ဒီ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။