တပ်မတော်က နေအိမ်အသီးသီးမှာ လာရောက်ခေါ်ဆောင်သွားတဲ့ ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ ဒီမနက် ၈ နာရီလောက်က ပြန်လွတ်လာပြီလို့ သိရပါတယ်။
ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းဟန် နဲ့ အတွင်းရေးမှူး ဦးသောင်းဇံ၊ ပြန်ကြားရေးတာဝန်ခံ ဒေါ်မိုးမိုးနဲ့ ဖားကန့်မြို့ပေါ်ရပ်ကွက်က အုပ်ချုပ်ရေးမှူးတို့ကို ဖေဖော်ဝါရီ ၁ ရက်နေ့က နေအိမ်တွေမှာ တပ်မတော်က လာရောက်ခေါ်ဆောင်သွားတာပါ။
ပြန်လွတ်လာတဲ့ အတွင်းရေးမှူး ဦးသောင်းဇံက "ကျနော်တို့ အန်အယ်လ်ဒီက ဥက္ကဋ္ဌ ဦးသိန်းဟန်၊ ကျနော်၊ ပြန်ကြားရေးက မမိုးမိုးနဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးရယ်ပေါ့။ ဖားကန့်မြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း တွေ့လိုက်တယ်။ ကျနော်ရယ် ဦးတင့်စိုးရယ်၊ ဥက္ကဋ္ဌရယ်ကလွဲပြီး ကျန်တဲ့သူတွေကို ခဏပဲ ခေါ်ထားပြီး ပြန်ပို့ပေးတာတွေ့တယ်။ ကျနော်တို့ကိုတော့ ဒီမနက်ပဲ ပြန်ပို့ခဲ့တာ" လို့ ဦးသောင်းဇံက ပြောပါတယ်။
ဖားကန့်မြို့နယ် NLD ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေ နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပေမဲ့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး ကတော့ နေအိမ်ကို ပြန်ရောက်မလာသေးဘူးလို့ မိသားစု အသိုင်းဝိုင်းဆီက သိရပါတယ်။
မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးသိန်းဟန်က "ကိုတင့်စိုးကိုတော့ မြစ်ကြီးနားကို ပို့မယ်လို့ ကြားခဲ့ရတယ်။ ကျနော်တို့နဲ့က ခဏပဲတွေ့ရပြီး ဘယ်ခေါ်သွားမှန်း မသိရတော့ဘူး" လို့ပြောပါတယ်။
တပ်မတော်က ထိန်းသိမ်းထားစဉ်မှာ တစုံတရာ ညှဉ်းပန်းနှိပ်စက်မှု မရှိဘဲ ကောင်းမွန်စွာ ထားရှိခဲ့တယ်လို့ အတွင်းရေးမှူး ဦးသောင်းဇံက ပြောပါတယ်။
“ဘာမှ ထူးထွေမေးတာ မရှိဘူး။ ကိုယ်ရေး အချက်အလက်မေးတယ်၊ ကောင်းကောင်းမွန်မွန် ထားတယ်၊ ကျွေးတယ်၊ သူတို့အကူအညီလိုအပ်လို့ တောင်းရင်လည်း ကူညီပါဦးပေါ့၊ ဒီလောက်ပါပဲ။”
သတင်း - ဇော်မိုးထက် (ဖားကန့်)