ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအသစ် ပြန်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံချိန်စံနှုန်းနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။
နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေကို ဒီနေ့မနက်အာရုံတက်ချိန်မှာ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းကာ နိုင်ငံတော် အာဏာသိမ်းယူးလိုက်ပြီးနောက် ထုတ်ပြန်တာပါ။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းတွေ ကြီးမားစွာ ကွာခြားမှုများ ရှိနေတာ ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့သလို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးအား ခေါ်ယူပြီး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဆောင်ရွက်ဖို့ ဆက်လက်ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူဖြေရှင်းပေးဖို့ နိုင်ငံတော်သမ္မတကို နှစ်ကြိမ် တင်ပြခဲ့ပေမယ့် ငြင်းပယ်ခဲ့ကြောင်း၊ ဒါကြောင့် ပြည်ထောင်စုရေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းတွေ စစ်ဆေးတာ အပါအဝင် လုပ်သင့် လုပ်ထိုက်တာတွေကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လတ်တလော ဖြစ်ပွားနေဆဲဖြစ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ အမြန်ဆုံး ကုစားသွားမယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အန်စီအေပါ သဘောတူညီချက်တွေတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။
အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ ဆိုပါတယ်။