ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-မိုင်းတုံ-မိုင်းဆက် လမ်းပေါ်မှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက်က အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့တာကြောင့် တွဲဖက်ပါမောက္ခသုံးဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
စိုင်းယီကျောက်က မောင်းနှင်ပြီး ကျိုင်းတုံတက္ကသိုလ်က ပါမောက္ခတွေနဲ့ ဌာနမှူးအချို့အပါအဝင် စုစုပေါင်း ၁၀ ဦး လိုက်ပါလာတဲ့ အိမ်စီးယာဉ်ဟာ မိုင်းခွန်းကုန်းဆင်းနေရာမှာ ဘရိတ်ပေါက်ကာ အရှိန်လွန်တိမ်းမှောက်ခဲ့တာလို့ ကျိုင်းတုံခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှရဲအရာရှိတစ်ဦးက ပြောပြပါတယ်။
အခင်းဖြစ်နေရာမှာ ကူညီပေးခဲ့တဲ့ ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူ တဦးက “ကားကကုန်းအဆင်းဆိုတော့ အရှိန်လွန်တိမ်းမှောက်တဲ့သဘောပါ။ ကနေ့မနက်က ၁၉ မိုင်လို့ခေါ်တဲ့ နေရာမှာ ခုခေတ်စကားနဲ့ဆို တိမ်ပင်လယ်သွားကြည့်ပြီး ပြန်လာသူတွေပါ။ ကျိုင်းတုံတက္ကသိုလ်က ပါမောက္ခတွေ ဌာနမှူးတွေပါ” လို့ ပြောပါတယ်။
အမှုနဲ့ပတ်သက်လို့ ယာဉ်မောင်း စိုင်းယီကျောက်ကို ကျိုင်းတုံမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲစခန်းက သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ဒီနေ့ည ဝမ်းနည်းကြောင်းထုတ်ပြန်ချက်အရ သေဆုံးသူတွေဟာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခသတ္တဗေဒဌာနက ပါမောက္ခ ၁ ယောက်နဲ့ တွဲဖက်ပါမောက္ခ ၂ ယောက် ဖြစ်တယ်လို့ သိရပါတယ်။
သတင်း-ရဲထွဋ်၊ ဓာတ်ပုံ-ရန်နိုင်(သီလဝ)