ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်က ရွှေနဂါးဓာတ်မြေဩဇာစက်ရုံကို ယာယီပိတ်သိမ်းဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဇန်နဝါရီ ၂၉ ရက်က ညွှန်ကြားလိုက်ပါတယ်။
စက်ရုံတွင်းက ကုန်ကြမ်းတွေကို သတ်မှတ်ကာလတစ်ခုအတွင်း ရွှေ့ပြောင်းပစ်ဖို့နဲ့ ပေါက်ကွဲစေတတ်တဲ့ ဓာတုပစ္စည်းတွေအားလုံး လုံးဝအပြီးအပိုင်ရှင်းလင်းဖို့ ဝန်ကြီးချုပ်က ညွှန်ကြားသွားတယ်လို့ ဒေသခံတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ဦးရဲဝင်းထွဋ်က ပြောပါတယ်။
နောက်ထပ်ကုန်ကြမ်းတွေ မဝင်အောင် ဆိပ်ခံတံတားကို အသုံးပြုခွင့် ပိတ်ပင်ဖို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကို စာထုတ်ဖို့ညွှန်ကြားထားပြီး ကုန်ကြမ်းတွေရှင်းပြီးတဲ့အထိ စက်ရုံကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ပေါင်းပြီး ကင်းစောင့်ထားပါတယ်။
ရွာသားတွေ တိုင်မှ စစ်ဆေးပြီး အရေးယူဆောင်ရွက်ပေးတာထက် စက်ရုံအလုပ်ရုံတွေ စတင်တည်ဆောက်ချိန်ကတည်းက ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပြီး လိုင်စင်ထုတ်ပေးထားတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ပုံမှန်စစ်ဆေးသင့်သလို နှစ်နှစ်ကျော်ကြာခံစားပြီးမှ လာပိတ်သိမ်းဖို့ အနေအထားဖြစ်လာတာက ဌာနဆိုင်ရာတွေ အားနည်းပြီး နှစ်နှစ်နီးပါး ဥပဒေချိုးဖောက်ခွင့်ရခဲ့တာဟာ အစိုးရမှာ တာဝန်အများကြီးရှိတယ်လို့လည်း ဦးရဲဝင်းထွဋ်က ဆိုပါတယ်။
စက်ရုံက သိုလှောင်ရုံအဖြစ်ထားရှိဖို့ တင်ထားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ချက်အစီရင်ခံစာ (EIA) မှာလည်း လိုအပ်ချက်တွေအများကြီးရှိပြီး စက်ရုံဘက်က EIA ကို ပြန်မရေးဆွဲထားတဲ့အပြင် သဘာဝပတ်ဝန်းကျင်ထောက်ခံချက်လည်း မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် ရွှေလင်ဗန်းစက်မှုဇုန်ထဲက ရွှေနဂါးဓာတ်မြေဩဇာစက်ရုံကိုပါ ပြန်ပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။
ရွှေနဂါးဓာတ်မြေဩဇာစက်ရုံက ထွက်ရှိတဲ့ အနံ့ဆိုးနဲ့ အမှုန်တွေကြောင့် စက်ရုံ ပိတ်သိမ်း ဖယ်ရှားပေးဖို့ ဒေသခံတွေက မျှော်လင့်နေတာပါ။
ရွှေနဂါးဓာတ်မြေဩဇာစက်ရုံကို ပိတ်သိမ်းပေးဖို့ ထောက်ခံတဲ့အနေနဲ့ စက်ဘီးစီးနင်းတဲ့ ကမ်ပိန်းတစ်ခုကို ဇန်နဝါရီ ၃ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
သတင်း - လွင်မိုးအောင်၊ ဓာတ်ပုံ - ရဲဝင်းထွဋ်