မြန်မာနိုင်ငံ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ကို တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၃ သိန်း လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တွန်းအားပေးဖော်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
လှူဒါန်းငွေပေးအပ်တဲ့ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံ လှူဒါန်းငွေ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သံမှူး Mr. Yang Shouzheng၊ JMC-U အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်တို့ တက်ရောက်ခဲ့ကြပါတယ်။
သံအမတ်ကြီး Mr. Chen Hai က ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လှူဒါန်းငွေပေးအပ်ဆိုပြီး ကြေညာခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ လက်တွေ့လိုအပ်ချက်အရ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၊ JMC-U နဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကော်မရှင်ထံ လှူဒါန်းငွေ ပေးအပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
JMC-U က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးကဏ္ဍတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး တရုတ်နိုင်ငံအနေနဲ့ JMC အပါအဝင် မြန်မာနိုင်ငံ ဘက်အသီးသီးနဲ့ ချိတ်ဆက်မှုကို ထိန်းသိမ်းထားကာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုကို တွန်းအားပေး ဖော်ဆောင်သွားမယ်လို့ သံအမတ်ကြီး Mr. Chen Hai က ပြောကြားခဲ့ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တရုတ်နိုင်ငံရဲ့ ကူညီမှုကို ကောင်းမွန်စွာအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ငြိမ်းချမ်းမှုဆွေးနွေးရေးလုပ်ငန်းကို ဆက်လက်ဖော်ဆောင်ကာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တွန်းအားပေးဖော်ဆောင်သွားမယ်လို့ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။