Home
မြန်မာသတင်း
သာပေါင်းတွင် အထောက်အထားမဲ့ ဝင်ရောက်လာသူ ၈ ဦး ဖမ်းမိ
DVB
·
January 30, 2021
No ID 8 person Thar Paung

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှာ ဇန်နဝါရီ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းက ခိုးဝင်လာတဲ့ နိုင်ငံသား အထောက်အထားမဲ့ ၈ ဦးဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ပုသိမ်မြို့မှာ ဇန်နဝါရီ ၂၇ ရက်နေ့က ဖမ်းမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့ဝင်ရောက်လာသူတွေရဲ့ ထွက်ဆိုချက်အရ သာပေါင်း - မကျီးစင်ကားလမ်း ၁၅ မိုင်ရဲ့ တောထဲမှာ ပုသိမ်ခရိုင်အကူတပ်ခွဲနဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက သွားရောက် ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ပုသိမ်မှာ ဖမ်းမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့ ဝင်ရောက်လာသူ ၁၃ ဦးကတော့ ပုသိမ်တက္ကသိုလ်အတွင်းက ကွာရန်တင်းမှာ ထားရှိပြီး ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပေးထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

သာပေါင်းမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့ ဝင်လာသူ အမျိုးသား ၂ ဦး အမျိုးသမီး ၆ ဦးထဲမှာတော့ အင်္ဂလိပ်လိုနဲ့ မြန်မာလိုပြောတတ်သူ ၅ ဦးပါဝင်ပြီး ရဲတပ်ဖွဲ့က စစ်ဆေးချိန်မှာတော့ သူတို့ဟာ ပွဲစားရဲ့အစီစဥ်နဲ့ ဘူးသီးတောင်မြို့ကနေ စက်လှေ နဲ့ လာတာလို့ ဆိုပါတယ်။

အဲဒီနိုင်ငံသားအထောက်အထားမဲ့ဝင်ရောက်လာသူတွေကို ခေါ်ဆောင်ခဲ့တဲ့ ယာဥ်မောင်းနဲ့ ယာဥ်အကူကို ဖမ်းမိဖို့ ဆောင်ရွက်နေပြီး ဒေသခံ ၁ ဦးကိုတော့ ဖမ်းမိထားတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ခိုးဝင်လာသူတွေဖမ်းမိတာနဲ့ ပတ်သက်ပြီး ယာဥ်မောင်းနဲ့ ယာဥ်အကူအပါဝင် ဒေသခံ နီဦး(ခ)နိုင်ဦး(ခ)နွေဦး တို့ကို သာပေါင်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၆၇/၃၇၀/၁၁၄ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံသား အထောက်အထားမဲ့ ဝင်ရောက်လာမှု ၃ ကြိမ်ရှိခဲ့ပြီး ခုလအတွင်း ဧရာဝတီတိုင်းကို နိုင်ငံသား အထောက်အထားမဲ့ ဝင်ရောက်လာမှုမှာ ၄ ကြိမ်အထိရှိနေပြီလို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း - မင်းထက်မုန်း(ပုသိမ်)၊ ဓာတ်ပုံ - ရဲတပ်ဖွဲ့

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024