မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် အဓိက ဝင်/ထွက်ပေါက် တခုဖြစ်တဲ့ မန့်ဝိန်းဂိတ်အား မနက် ဇန်နဝါရီ ၃၀ ရက် မနက် ၆ နာရီက စတင်ပြီး ဂိတ်ပေါက်နှစ်ဖက်လုံး ပြန်ဖွင့်လှစ်မယ်လို့ မူဆယ် ခရိုင်ပြန်/ဆက်က သိရပါတယ်။
၆ ဘီးယာဉ်၊ ၁၀ ဘီးယာဥ်၊ ၂၂ ဘီးယာဥ် အပါအဝင် ကုန်တင်ယာဉ်ကြီး၊ ယာဉ်လတ်၊ ယာဉ်ငယ် စတဲ့ ကုန်တင်ယာဉ်တွေကို ပုံမှန် ပြိုင်တူဝင်/ထွက်တာကို ပြန်လည်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။
မန့်ဝင်းဂိတ် ဝင်/ထွက်ပေါက် နှစ်ပေါက်ဖွင့်ပေမယ့် တစ်စီးချင်းသာ ဝင်ခွင့်ပြုခဲ့တာ ၂ လကျော်ရှိပြီဖြစ်ပြီး ရှေ့ပိုင်းကာလမှာ ၄ စီး တပြိုင်နက် ဆေးဖျန်းပြီး ၂ ပေါက်မှာ ၂ စီး (၆ ဘီး ၁ စီး၊ ယာဉ်ကြီး ၁ စီး) တပြိုင်နက် ဝင်ခွင့်ပြုခဲ့တာပါ။
ဇန်နဝါရီ ၃၀ ရက် မနက် ၆ နာရီက စပြီး ၂ စီး တပြိုင်နက် ပြန်လည်ဝင်ခွင့်ပြုပေးတာဖြစ်ပြီး နှစ်စီး တပြိုင်နက် ဝင်ခွင့်ပြုတော့ ကားပိုဝင်နိုင်မယ်လို့ မူဆယ်ယာဉ်ထိန်းတပ်ကြပ် ဦးမျိုးမင်းသူက DVB ကို ပြောပါတယ်။
အခုလို ခွင့်ပြုလိုက်တဲ့အတွက် ကုန်စည်ကူးသန်းမှု၊ ကုန်စည်ဖလှယ်မှုများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်တော့မယ်လို့ နှစ်နိုင်ငံနယ်ခြား တာဝန်ရှိသူတွေရဲ့ ဇန်နဝါရီ ၂၉ ရက်ညက ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံရဲ့ အဓိက ကုန်စည်စီးဆင်းရာ ဂိတ်ပေါက်တစ်ပေါက်ဖြစ်တဲ့ မူဆယ် မန့်ဝိန်းဂိတ်မှ မြန်မာနိုင်ငံထွက် ကုန်စိမ်းမှအပ လယ်ယာထွက်ကုန်ပစ္စည်းတွေနဲ့ ကုန်ခြောက်ပစ္စည်းများကို တင်ပို့နေတာပါ။
နှစ်နိုင်ငံနယ်စပ် ဝင်/ ထွက်ပေါက်ဖြစ် တစ်စီးဝင်ခွင့်ပြုချိန်ကာလက တရက်ကို အဝင် ၂၀၀ နီးပါးရှိကာ ၂ ပေါက် ၂ စီး တပြိုင်တည်း ဝင်ခွင့်ပြုခဲ့တာကြောင့် အစီး ၄၀ လောက် ပိုတိုးလာမယ်လို့ သိရပါတယ်။
သတင်း - Pra Jaw