မူဆယ်မှာ တရုတ်-မြန်မာနယ်စပ် ဖြတ်သန်းခွင့် တခါသုံးကတ်အတွက် တိုကင်ရောင်းစားနေတဲ့ ပွဲစားတချို့ မနေ့က အဖမ်းခံရပြီး ဒီကနေ့ စက်တင်ဘာ ၁၃ ရက်ကစလို့ တိုကင်ပေးမယ့်နေရာ မန့်ဝိန်းဂိတ်ဘက် ထပ်တိုးပေးထားကြောင်း နယ်စပ်ဒေသခံတွေနဲ့ မူဆယ်ခရိုင် ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မနေ့ စက်တင်ဘာ ၁၂ ရက်က တိုကင်နေရာရောင်းစားတဲ့ ပွဲစားတွေကို ဖမ်းသွားတာ ၁၅ ယောက်လောက် ရှိတယ်လို့ နယ်စပ်ဒေသခံတဦးက ပြောပါတယ်။
“နေ့လယ်ပိုင်းတွေက အရပ်ဝတ်တွေနဲ့ အကုန်သိမ်းချသွားတာ”လို့ ပြောပါတယ်။
တရုတ်ဘက်ဝင်ရောက်ဖို့ တခါသုံးကတ် တိုကင်တန်းစီနေသူတွေ များလွန်းနေတာကြောင့် မန့်ဝိန်းဂိတ်ဘက် တိုကင်ပေးမယ့်နေရာ ထပ်တိုးထားကြောင်း ဌာနဆိုင်ရာနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
မှတ်ပုံတင်မူရင်းနဲ့ မိတ္တူတစောင်စီ ယူလာရမှာဖြစ်ပြီး စနစ်တကျ စာရင်းကောက်ပြီးမှ တိုကင်ပေးမှာဖြစ်ကြောင်း ပြောပေမဲ့ လူတွေက ရာချီ အစုလိုက်အပြုံလိုက် မနက် အစောကတည်းက ရောက်နေတာ တွေ့ရပါတယ်။
နန်းတော်ဂိတ်ပေါက်မှာလည်း လူတွေ ရာချီ တန်းစီနေသလို ဆင်ဖြူပေါ်မှာလည်း လူတွေ ရာချီ တန်းစီနေကြပါတယ်။
ဆိုင်ကယ်နဲ့ဝင်ထွက်မယ့် နေရာတော့ ပွဲစားတွေက တနေရာ ကျပ် ၁၀,၀၀၀ နဲ့ ရောင်းနေတာ တွေ့နေရပါသေးတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကစပြီး တရုတ်နယ်စပ်ဘက် ယာယီဖြတ်သန်းခွင့် တပတ်ခံ တခါသုံးကတ် ထုတ်ပေးနေတာဖြစ်ကာ လူထောင်ချီ တန်းစီစောင့်ဆိုင်းနေရလို့ တိုကင်စနစ် သတ်မှတ်လိုက်တာမှာ ဝန်ထမ်းတချို့နဲ့ ပွဲစားတွေ ပူးပေါင်းပြီး တိုကင်တခုကိုကျပ် ၅၀,၀၀၀ ကနေ ၃၀၀,၀၀၀ ကျပ်နှုန်းအထိ ရောင်းစားခဲ့ကြတာ ဖြစ်ပါတယ်။