နေပြည်တော် ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ပါတီဌာနချုပ်က ညွှန်ကြားထားခြင်းမရှိသလို ၊ သိလည်းမသိဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေကို တရားစွဲဆိုနိုင်ဖို့အတွက် စာချွန်တော်အမိန့်လျှောက်ထားတာနဲ့ပတ်သက်လို့ လက်ခံဖို့ရှိ၊မ ရှိကြားနာတဲ့ ဒီနေ့မှာပဲ ကြံ့ခိုင်ရေး ပါတီအလံတွေ၊ အင်္ကျီတွေ အသုံးပြုပြီး နေပြည်တော်မှာ မော်တော်ယာဉ်တွေနဲ့ စီတန်းလှည့်လည်ခဲ့ကြတာပါ။
“ပြည်သူလူထုကို ပို၍ ကြပ်တည်းစေသည့် အစိုးရ အမြန်ဆုံး နုတ်ထွက်ပေးရေး ” “ဒို့ အရေး၊ဒို့ အရေး”စတဲ့ ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။
အဲဒီစီတန်းလှည့်လည်တဲ့ကားတွေဟာ ကြံ့ခိုင်ရေးပါတီရုံးတွေမှာ ဝင်ထွက်ခဲ့တာတွေရှိပြီး ပါတီက ညွှန်ကြားချက်နဲ့ ဦးဆောင်လုပ်ကိုင်တာဟုတ် ၊မဟုတ် ပြည်ခိုင်ဖြိုးပါတီကို ဆက်သွယ်မေးမြန်းရာမှာတော့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာန္ဒာလှမြင့်က ငြင်းဆိုခဲ့ပါတယ်။
"ပြည်ထောင်စုနယ်မြေမှာရှိတဲ့ ပါတီထောက်ခံသူ၊ ပါတီဝန်းရံသူတွေလုပ်တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျနော်တို့ အနေနဲ့၊ ဌာနချုပ်အနေနဲ့တော့ ဒါတွေကိုမသိဘူးဗျ"
ဒီကနေ့ ရန်ကုန်မြို့မှာလည်း တပ်မတော်ဝန်းရံသူတွေက ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။
ထက်ဝေအောင်