မြန်မာအလုပ်သမားတွေကို ပိတ်လှောင်ထားပြီး ကျွန်လိုစေခိုင်းနေတဲ့ ဘန်ကောက်မြို့လည်ရှိ အလုပ်ရုံတစ်ရုံကို မြန်မာသံရုံးနဲ့ ထိုင်းအထူးမှုခင်း စုံစမ်း စစ်ဆေးရေးတပ်ဖွဲ့ ( DSI) တို့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၇ ရက်နေ့က သွားရောက်စီးနင်းကာ မြန်မာလုပ်သားတွေကို ကယ်ထုတ်ခဲ့ကြပါတယ်။
လတ်ဖရောက်နယ်မြေ လတ်ဖရောက်လမ်းသွယ် ၆ အိမ်အမှတ် ၅၉/၁၈ ရှိ ဂျယ်လီမုန့်လုပ်ငန်းဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်မှသွားခွင့်မပြုဘဲ ပိတ်လှောင်ထားပြီး နေ့စဉ် မနက် ၇ နာရီကနေ ညသန်းခေါင်အချိန်အထိ စေခိုင်းနေကြောင်း မြန်မာသံရုံးက တိုင်ကြားခဲ့တဲ့အတွက် စုံစမ်းထောက်လှမ်းပြီး ဇန်နဝါရီ ၂၇ ရက်နေ့က အဆိုပါအလုပ်ရုံကို သွားရောက်စီးနင်းခဲ့တာလို့ ထိုင်းနိုင်ငံအထူးမှုခင်း စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဆူဖတ်ထမ်မနာရတ်က ပြောပါတယ်။
တာဝန်ရှိသူတွေ အဆိုပါအလုပ်ရုံကို ရောက်သွားချိန်မှာ အလုပ်ရုံဟာ ခြံဝင်းတစ်ဝင်းထဲက ၃ ထပ်တိုက်ဖြစ်ပြီး သံနဲ့လုပ်ထားတဲ့ခြံဝင်းတံခါးကြီးကို အပြင်ကနေသော့ခတ်ထားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက အော်ခေါ်ပေမယ့် တော်တော်နဲ့မထူးဘဲ တံခါးလည်း လာမဖွင့်ပေးကြောင်း၊ ခဏအကြာ မြန်မာအလုပ်သမား ၄ ယောက်က ၃ ထပ်တိုက်ပေါ်ကနေ ခြံဝင်းတံတိုင်းပေါ်ခုံဆင်းကာ တံတိုင်းကိုခွပြီး အပြင်ဘက်ကို ဆင်းလာရတယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ အလုပ်ကို မနက် ၇ နာရီကနေ ည ၁၂ နာရီထိ လုပ်ရပြီး အလုပ်ရှင်က အပြင်ကိုမပေးထွက်ကြောင်း အထဲမှာလည်း နောက်ထပ်အလုပ်သမား ၁၂ ယောက်ကျန်သေး တယ်လို့ ပြောပါတယ်။
နောက်ပိုင်မှာအလုပ်ရှင်က တံခါးလာဖွင့်ကာ တာဝန်ရှိသူတွေကို အထဲဝင်ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါ အလုပ်ရုံထဲမှာ နောက်ထပ် ၁၈ ဦး ပိတ်လှောင်ခံထားရတာတွေ့ရပြီး အဲဒီထဲမှာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်ရွယ် ကလေးလုပ်သား ၂ ဦးပါ ပါဝင်တယ်လို့ ဆိုပါတယ်။
အခုလို အလုပ်သမားတွေကို ပိတ်လှောင်ကာ မတရားစေခိုင်းနေတာနဲ့ ပတ်သက်ပြီး အသက် ၂၂ နှစ်ရွယ်ရှိ နန်းဆောင်လတ်စမွန်း ဝိဘွန်းလတ်စနာ့ကွန်း ဆိုသူကို လိုအပ်သလို စစ်ဆေး အရေးယူဖို့ ချုတ်ချိုင်းနယ်မြေရဲစခန်းကို ခေါ်ဆောင်ထားတယ်လို့ အထူးမှုခင်းတာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောသွားပါတယ်။