လုံခြုံရေးတင်းကြပ်ထားတဲ့ နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးအနီး ကြံ့ခိုင်ရေးပါတီဝန်းရံသူတွေက ဒီကနေ့ အင်အားပြလှည့်လည်ခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတအပါအဝင် ၄ ဦး ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် ၁၅ ဦးတို့ကို စာချွန်တော်အမိန့်လျှောက်ထားတာကို လက်ခံ မခံကို ဒီနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်မှာဖြစ်ပါ တယ်။
အမှုဆုံးဖြတ်မယ့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနဲ့ ပြည်ထောင်စုရွေးကော်ပွဲ ကော်မရှင်ရုံးအနီးမှာ လုံခြုံရေးအင်အားတွေ တင်းကြပ်ထားပေမယ့် ကြံ့ခိုင်ရေးပါတီဝင် ဝန်းရံသူတွေဟာ ကားအစီးရေ ၁၀၀ ဝန်းကျင်နဲ့ ဒီကနေ့ အင်အား ပြလှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။ အလားတူ လွှတ်တော်ကိုယ်စားလှယ်တွေနေထိုင်တဲ့ စည်ပင်ဧည့်ရိပ်သာ လမ်းတလျှောက်မှာလည်း ကြံ့ခိုင်ရေးပါတီ ဝန်းရံသူ တွေက လည့်လည်ခဲ့ကြပါသေးတယ်။
ဒီနေ့မှာ နေပြည်တော်ဇေယျာသီရိမြို့နယ် သပြေပင်ရွာထိပ်၊ ဇေယျာသီရိမြို့နယ်မှာ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးမှာ အမျိုးသားရေးလှုပ်ရှားသူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိတဲ့ မျိုးချစ်တပ်မတော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ တိုင်းပြည်ကို ကယ်တင်ပေးပါရန် ရဟန်းရှင်/လူ ပြည်သူလူထုတစ်ရပ်လုံး က တာဝန်ပေးအပ်မယ့် တိုင်းပြုပြည်ပြုလူထုတွေ့ဆုံဆွေးနွေးပွဲကြီးနဲ့ တိုင်းပြုပြည်ပြု အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူ ပွဲအခမ်းအနားကို ပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
အဆိုပါ အခမ်းအနားပြုလုပ်မယ့် နေရာနဲ့ ပတ်ဝန်းကျင်အနီးမှာလည်း လုံခြုံရေးအင်အားတွေ ပုံမှန်ထက် တိုးမြှင့်ချထားတာကိုလည်း တွေ့ရပါတယ်။ လွှတ်တော်ပတ်ဝန်းကျင်အနီးမှာလည်း လုံခြုံရေးတွေ ချထားပါတယ်။
Photo -နေဖြိုးဝင်း/ Hein Htet / MPA