မူဆယ်မြို့တွင် နေအိမ် အနုကြမ်းစီးခံရပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ
DVB
·
January 23, 2021
မူဆယ်မြို့ တောင်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနောက်ဘက်လမ်းကြားရှိ နေအိမ်တလုံးမှာ ဇန်နဝါရီ ၂၂ ရက် မွန်းတည့်ပိုင်းက အနုကြမ်းစီးခံရပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရတယ်လို့ မူဆယ်မြို့ တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းစောက DVB ကို ပြောပါတယ်။
“ပစ္စည်းက မပါသွားဘူး၊ ကျနော်တို့ ပြန်မိတယ်လေ။ သူထင်တာ ဘွားတော်က ပိုက်ဆံများတယ်လေ၊ ဒီနေ့က မရှိပါဘူး။ ဒါပေမယ့် သူ့လက်ထဲမှာပါလာတာတော့ ၁ သိန်းကျော်ပဲ ကျန်တော့တာလေ၊ မိတာတော့ မိတယ်။
ဓားပြတိုက်ခံရသူ အနုကြမ်းစီးခံရတဲ့ အသက် ၅၀ ကျော်ဝန်းကျင်ရှိ အမျိုးသမီးဟာ အိမ်ငှား၊ တစ်ယောက်တည်းနေတာဖြစ်ပြီး တရုတ်ဘက်က အထည်တွေကို မန္တလေးကို ပို့ဆောင်နေတဲ့ ကုန်သည်ဖြစ်ကာ လူနှစ်ဦးက ဇန်နဝါရီ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ဓားပြတိုက်ခဲ့တာလို့ မူဆယ်မြို့ တောင်ရပ်ကွက် ရာအိမ်မှူး ဦးစိုင်းမြတ်အောင်က ပြောပါတယ်။
အမျိုးသမီး လက်ထဲမှာ ဝတ်ဆင်ထားတဲ့ ရွှေလက်ကောက်ကို ချွတ်တာမရလို့ လက်ပါကျိုးသွားပြီး ဓားနဲ့ခုတ်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“သူ သွေးတွေနှင့် ဘာတွေနှင့် အိမ်ရှေ့မှာ ထွက်လာပြီးမှ လာအော်တာ။ ဘာမှတော့ ပါမသွားဘူးဗျ။ သူတို့လုတာ သူ့ဘယ်ဘက်လက်ထဲက ရွှေချွတ်တာကို ချွတ်လို့မရဘူးလေ။ ဒါပေမယ့် လက်ကျိုးသွားတယ်။ နဖူးမှာ တစ်ချက်ပေါ့။ နဖူးမှာ တစ်ထွာလောက်ရှိတဲ့ ခုတ် ဒဏ်ရာတစ်ချက်၊ ခေါင်းအနောက်ဘက် သုံးချက်၊ အားလုံး လေးချက် ခုတ်ခံရတယ်။”
အတိုက်ခံရသူနဲ့ ဓားပြ နှစ်ဦးတို့မှာ မူဆယ်နယ်ခံတွေ မဟုတ်ဘဲ ရပ်ကွက်ကလည်း အမြဲတမ်း လုံခြုံရေး ခဏခဏ လှည့်နေပေမယ့် အခုလို ဖြစ်စဉ်နဲ့ ကြုံရတာကြောင့် လုံခြုံရေးအတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဓားပြတိုက်သူ ၁ ဦးကိုသာ ဖမ်းဆီးမိခဲ့ပြီး ၁ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားကာ ဖမ်းမိထားသူကိုတော့ သက်ဆိုင်ရာရဲစခန်းက စိစစ်ဆောင်ရွက်ဆဲဖြစ်တယ်လို့ သိရပါတယ်။
Pra Jaw