မြစ်ကြီးနားရှိ မိဘမဲ့ဂေဟာက ကလေးငယ်များ ကိုဗစ်ကာလ စားဝတ်နေရေးအခက်ကြုံနေ
DVB
·
January 22, 2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်မှာရှိတဲ့ HIV/AIDS ရောဂါနဲ့ သေဆုံးသွားသူတွေရဲ့ ရင်သွေးငယ်တွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ “မျှော်လင့်ခြင်းအသစ်” မိဘမဲ့ဂေဟာမှာ ကိုဗစ်ကပ်ဘေးကာလ ကလေးငယ်တွေ စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဂေဟာတာဝန်ရှိသူက ပြောပါတယ်။
မျှော်လင့်ခြင်းအသစ်မိဘမဲ့ဂေဟာ အုပ်ထိန်းသူ ဦးအယ်လ်ဇော်မိုင်က "အလှူရှင်တွေရဲ့ ဆိုင်တွေလည်းပိတ်၊ စီးပွားရေးတွေလည်း ခက်ခဲနေတော့ ကျနော်တို့ဂေဟာအတွက်လည်း များစွာခက်ခဲသွားတယ်။ ၁၀ လ ပိုင်းက ဆန်တစ်အိတ်ပဲရှိတော့တဲ့အတွက် ဆန်ပြုတ် ၃ ရက်ပြုတ်သောက်လိုက်ရသေးတယ်။ ကိုဗစ်ကာလကတော့ အလှူရှင်တွေလည်း မလာနိုင်တဲ့ အတွက် စားဝတ်နေရေး အတော်လေး ခက်ခဲနေတာပေါ့ " လို့ ပြောပါတယ်။
မျှော်လင့်ခြင်းအသစ် မိဘမဲ့ဂေဟာကို ၂၀၀၇ ခုနှစ်က ကိုယ်ထူကိုယ်ထ တည်ထောင်ခဲ့ပြီး ဂေဟာမှာ မူလတန်းအရွယ်ကစလို့ တက္ကသိုလ်ဝင်တန်းအပါအဝင် နည်းပညာ တက္ကသိုလ် တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေကိုလည်း စောင့်ရှောက်ပေးထားပါတယ်။
မြစ်ကြီးနားမြို့နယ်မှာ မိဘမဲ့ဂေဟာ ၃၀ ကျော်ရှိတဲ့အနက် မျှော်လင့်ခြင်းအသစ် မိဘမဲ့ဂေဟာ ဟာ AIDS ရောဂါနဲ့ သေဆုံးသွားတဲ့ မိဘတွေရဲ့ ရင်သွေးငယ်တွေကို ရောဂါရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပြုစုစောင့်ရှောက်ပေးနေတဲ့ တစ်ခုတည်းသော မိဘမဲ့ဂေဟာ ဖြစ်ပါတယ်။
သတင်း - ထူးထူး(ဗိုလ်ကလေး)