Homeမြန်မာသတင်းဖျာပုံမြို့နယ်၌ ရွာသား ၄ ဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် တရားစွဲခံရ
ဖျာပုံမြို့နယ်၌ ရွာသား ၄ ဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် တရားစွဲခံရ
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ကနိချောင်းဝကျေးရွာမှာ ကွာရန်တင်းဝင်ရောက်ခဲ့တဲ့ ရွာသား ၄ ယောက်ကို ကျေးရွာကိုဗစ်ကော်မတီက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃ဝ (က)၊ (ခ)နဲ့ ဒီဇင်ဘာ ၁ ရက်က ဖျာပုံမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။
ကွာရန်တင်း ဝင်ရောက်နေစဉ်မှာ အရက်သေစာသောက်စားပြီး အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို နှောင့်ယှက်တာ တွေရှိလို့ တရားစွဲဆိုရတာဖြစ်တယ်လို့ ကနိချောင်းဝကျေးရွာ ကိုဗစ်ကော်မတီဝင် ဒေါ်စုစုမွန်က ပြောပါတယ်။
"သောက်ပြီး အော်ဟစ်ပြောဆိုကြတယ်။ စင်တာက ပစ္စည်းတွေ ဖျက်ဆီးတာ၊ ကျမတို့ကို ဆဲဆိုတာတွေတော့ မရှိပါဘူး။ ဆူဆူပူပူဖြစ်တာက အဲဒီတစ်ရက်ပါပဲ။ နောက်ရက်တွေတော့ ဆက်ဖြစ်တာ မရှိပါဘူး။ ဒါပေမဲ့ နောက်လူတွေလည်း ဒါမျိုးတွေ ထပ်ဖြစ်လာမှာစိုးတဲ့အတွက် ကျေးရွာကိုဗစ်ကော်မတီနဲ့ တိုင်ပင်ပြီးတော့ တရားစွဲဆိုရတာပါ"။
တရားစွဲဆိုဖို့အတွက် ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးလှမိုးအောင်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က လက်မှတ်ရေးထိုးပြီး တိုက်ရိုက် တရားစွဲဆိုခွင့်ပြုခဲ့တာပါ။
တရားစွဲဆိုခံရသူ တစ်ဦးဖြစ်တဲ့ ကိုမိုးကျော်ထက်က " ကျနော်က ညီဖြစ်တဲ့သူကို ရေသန့်ဘူး သွားပေးတာပါ၊ ကျောင်းအုတ်နံရံပေါ်တင်ပေးခဲ့တာ၊ အဲ့တာကို ကိုဗစ်ကော်မတီအဖွဲ့ကတွေ့ပြီး ကွာရန်တင်းဝင်ခိုင်းလို့ ဝင်ပါတယ်၊ ရက်ပြည့်လို့ ထွက်ရတော့လည်း သူတို့ပြောတဲ့အတိုင်း နေခဲ့ပါတယ်၊ အဲ့တာကို ခုတရားစွဲခံရတာပါ"လို့ ပြောပါတယ်။
ညီဖြစ်တဲ့သူကို ရေသန့်ဘူးပို့ရင်း ကွာရန်တင်းဝင်ခဲ့ရလို့ အထဲရောက်သွားချိန်မှာ အချင်းချင်း စကားများတာမျိုးရှိပေမယ့် ကော်မတီအဖွဲ့ကို ဆဲဆိုတာတော့ မပြုလုပ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
ကျေးရွာဒေသခံ ၄ ဦးတရားစွဲခံရတာနဲ့ပတ်သက်ပြီး တိုင်းအဆင့် ခွင့်ပြုစာမှာ ဥပဒေ၊ လုပ်ထုံး လုပ်နည်းနဲ့ မညီညွတ်တဲ့ အချက်များစွာ ပါဝင်သလို စာမှာအစိုးရအဖွဲ့တံဆိပ်တုံး မပါတာမျိုးတွေလည်း ရှိနေတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ ဒါရိုက်တာ ဦးထွန်းထွန်းဦးက ပြောပါတယ်။
မင်းထက်မုန်း (ပုသိမ်)