Homeမြန်မာသတင်း
တနိုင်ငံလုံးတွင် မင်္ဂလာဒုံက ကိုဗစ်ပိုးတွေ့ လူနာ ၆,၀၀၀ ကျော်ဖြင့် ကူးစက်မှုအများဆုံးမြို့နယ် ဖြစ်လာ
တနိုင်ငံလုံးတွင် မင်္ဂလာဒုံက ကိုဗစ်ပိုးတွေ့ လူနာ ၆,၀၀၀ ကျော်ဖြင့် ကူးစက်မှုအများဆုံးမြို့နယ် ဖြစ်လာ
DVB
·
January 15, 2021
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၆,၀၀၀ ကျော်လာခဲ့ပြီး ဒါဟာ တနိုင်ငံလုံးမှာ ပိုးတွေ့လူနာအများဆုံးမြို့နယ်အဖြစ် စံချိန်တင် ကူးစက်ခံရတဲ့ မြို့နယ်ဖြစ်လာပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံ တဝန်း ပိုးတွေ့လူနာ ထောင်ချီကူးစက်ခံ မြို့နယ်ပေါင်းဟာလည်း ၃၇ ခုထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။
အဆိုပါ မြို့နယ် ၃၇ ခုထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၉ မြို့နယ်၊ မန္တလေးတိုင်းက ၅ မြို့နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တို့က ၁ မြို့နယ်စီ ပါဝင်လာခဲ့ပါတယ်။
အဲဒီထဲမှာ ပိုးတွေ့လူနာ ၆,၀၀၀ ကျော်တဲ့ မြို့နယ် ၁ ခု၊ ၅,၀၀၀ ကျော်တဲ့မြို့နယ် ၁ ခု၊ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၄ ခု၊ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၁၄ ခုနဲ့ ၁,၀၀၀ ကျော်တဲ့ မြို့နယ် ၁၄ ခု ပါဝင်နေတာ ဖြစ်ပါတယ်။
ပိုးတွေ့လူနာ ၆,၀၀၀ ကျော်နဲ့ ရောဂါကူးစက်မှုအများဆုံးမြို့နယ်ကတော့ မင်္ဂလာ ဒုံမြို့နယ်ဖြစ်ပြီး ၆,၀၀၇ ယောက်ကူးစက်ခံထားရကာ သူ့နောက်မှာတော့ မြောက်ဥက္က လာပမြို့နယ်က ၅,၈၀၇ ယောက်စီ အသီးသီးကူးစက်ခံထားရပါတယ်။
ပိုးတွေ့လူနာ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေဖြစ်တဲ့ လှိုင်သာယာ၊ အင်းစိန်၊ သင်္ဃန်းကျွန်းမြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာဦးရေ ၄,၇၉၁ ယောက်၊ ၄,၅၉၅ ယောက်၊ ၄,၅၁၈ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။
ပိုးတွေ့လူနာ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၄ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေ ဖြစ်တဲ့ မရမ်းကုန်း၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နဲ့ ပဲခူးတိုင်းမြို့တော် ပဲခူးမြို့တွေဖြစ်ပြီး ပိုးတွေ့လူနာ ဦးရေ ၃,၈၂၄ ယောက်၊ ၃,၇၈၉ ယောက်၊ ၃,၁၆၁ ယောက်၊ ၃,၁၅၈ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။
ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၁၄ ခုထဲမှာတော့ ရန်ကုန်တိုင်းမြို့နယ် ၁၁ ခုဖြစ်တဲ့ တာမွေ၊ တောင်ဥက္ကလာပ၊ လှိုင်၊ သန်လျင်၊ ကမာရွတ်၊ သာကေတ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မှော်ဘီ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်တွေ၊ မန္တလေးတိုင်းမြို့နယ် ၃ ခုဖြစ်တဲ့ ချမ်းအေးသာစံ၊ အောင်မြေသာစံနဲ့ မဟာအောင်မြေမြို့ နယ်တွေ ပါဝင်နေပါတယ်။
အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့နယ် ၁၄ ခုအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် ၁၀ ခုဖြစ်တဲ့ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ ဒလ၊ ရန်ကင်း၊ လမ်းမတော်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဗိုလ်တစ်ထောင်၊ လှည်းကူး၊ ဒေါပုံ၊ အလုံမြို့နယ်တွေ၊ မန္တလေးတိုင်းမြို့ နယ် ၂ ခုဖြစ်တဲ့ ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေ၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့နဲ့ မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့တွေ ပါဝင်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၉ လကျော် ရှိလာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၁၃၂,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၃၂,၈၆၅ ယောက်၊ သေဆုံးသူ ၂,၉၁၂ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၁၁၆,၁၀၀ ယောက် ရှိနေပါတယ်။
ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၈၅,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံးဖြစ်ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းက ပိုးတွေ့လူနာ ၁၅,၀၀၀ ကျော်နဲ့ ပဲခူးတိုင်းက ပိုးတွေ့လူနာ ၈,၆၀၀ ကျော် ရှိနေပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၃ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၂ သန်းနီးပါးနဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၆၆ ဒသမ ၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။