မန္တလေးမြို့ရှိ ဆောက်လုပ်ဆဲ တိုက်ပေါ်မှ အမျိုးသား ၁ ဦး ပြုတ်ကျ
DVB
·
January 13, 2021
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်ရှေ့ရပ်ကွက်၊ ၄၁ လမ်းနဲ့ ၄၂ လမ်းကြား၊ လမ်း ၉၀ မှာ ရှိတဲ့ ဆောက်လုပ်ဆဲ တိုက်ပေါ်ကနေ ပန်းရန်လုပ်သား အမျိုးသားတစ်ဦး ပြုတ်ကျပြီး ဒဏ်ရာရရှိသွားတယ်လို့ အမှတ်-၇ နယ်မြေ ရဲစခန်းကနေ သိရပါတယ်။
ဇန်နဝါရီ ၁၂ ရက် မနက် ၁၀ ခွဲလောက်မှာ ဆောက်လုပ်ဆဲ သုံးထပ်တိုက်ပေါ်ကနေ ပန်းရန်လုပ်ငန်း ဆောင်ရွက်နေတဲ့ ဦးသန်းထူးဟာ ကြမ်းခင်း RC လောင်းရာမှာ ငြမ်းထောက်အဖြစ် ထောက်ထားတဲ့ မျောတိုင်တွေကို ပြန်လည် ဖြုတ်ချနေစဉ် အားလွန်ပြီး ကွန်ကရစ်အခင်းပေါ် ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။
ပြုတ်ကျဒဏ်ရာကြောင့် သူ့ရဲ့ ဦးခေါင်းနောက်စေ့ဖူးရောင်ဒဏ်ရာ၊ ယာနံဘေးဖူးရောင် ဒဏ်ရာ၊ ခြေလက်တွေမှာ ပေါက်ပြဲ၊ နှာခေါင်း၊ ပါးစပ်နဲ့ နားကနေ သွေးထွက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြုတ်ကျလူနာကို မဟာလူမှုကယ်ဆယ်ရေးအဖွဲ့က မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး အရေးပေါ်ကုသဆောင်မှာ ဆေးကုသမှုပေးနေပါတယ်။
သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ-မဟာလူမှုကယ်ဆယ်ရေးအဖွဲ့