Homeမြန်မာသတင်းဟားခါးတွင် နေအိမ် ၃ လုံး မီးလောင်၊ ၁ ဦး သေဆုံး
ချင်းပြည်နယ် ဟားခါးမြို့နယ် မြို့သစ်ရပ်ကွက်မှာ မနေ့ည ၁၁ နာရီ မိနစ် ၄၀ လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃ လုံး ပျက်စီးဆုံးရှုံးကာ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“အပူပေးတဲ့ ဟီတာစက်က တစ်ဆင့် မီးလောင်ကျွမ်းခဲ့တာပါ။ လက်တလောတော့ သေဆုံးသူကို ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့်ထားတယ်။ သူက အိမ်ငှားနေသူပါ။”
ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင် ၅၀ နီးပါးက အုပ်ချုပ်မှုယာဥ်၊ မီးငြှိမ်းသတ်ယာဥ်၊ မီးသတ်ရေသယ်ယာဥ် သူနာတင်ယာဥ် စုစုပေါင်း ၈ စီးနဲ့ သွားရောက် မီးငြှိမ်းသတ်ခဲ့ကာ အခင်းဖြစ်ပြီး တစ်နာရီနီးပါးအကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်သေဆုံးသွားသူကတော့ အိမ်ငှားနေထိုင်တဲ့ ဦးသန်းဝင်း (၃၆ နှစ်) ဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်လို့ သေဆုံးသူကို ဟာခါးမြို့မရဲစခန်းမှာ မီးပေါ့ဆမှု၊ လူသေဆုံးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅/၃၀၄-က တို့နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ အဆိုပါရဲစခန်းက သိရပါတယ်။
ရဲထွဋ်