မြိတ်မြို့တွင် မူးယစ်တရားခံကိုသွားဖမ်းသည့် ရဲအရာရှိ ဓားဖြင့်ခုတ်ခံရ
DVB
·
January 8, 2021
တနင်္သာရီတိုင်း၊ မြိတ်မြို့မရဲစခန်းက ရဲအရာရှိ တစ်ယောက် မနေ့ညပိုင်းက မူးယစ်ဆေးဝါးမှု တစ်ခုကို သွားရောက်ဖမ်းဆီးချိန်မှာ ဓားနဲ့ ခုတ်ခံခဲ့ရပါတယ်။
မနေ့ညက မြိတ်မြို့နယ် အောင်မင်္ဂလာရပ်ကွက်၊ သုခလမ်းနေ ကျော်ထွန်း (ခ) ဂျနားကို မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးဖို့ ဝရမ်းနဲ့ သွားရောက်ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနက် ဒုရဲအုပ်အဆင့်ရှိသူကို ဓားနဲ့ ပြန်ခုတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတာလို့ မြိတ်ခရိုင်ရဲ တပ်ဖွဲ့ကနေ သိရပါတယ်။
မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိ တစ်ဦးက “ လက်သန်းမှာ ဓားနဲ့ခုတ်ခံရတာပါ။ သိပ်ပြီး ဒဏ်ရာမပြင်းထန်ပါဘူး။ နယ်ထိန်းရဲအရာရှိဖြစ်ပြီး မူးယစ်ကျော်စော သတင်းနဲ့ အမျိုးသားကို သွားဖမ်းဆီးချိန် အခုတ်ခံရတာပါ”လို့ ပြောပါတယ်။
ပြစ်မှုကျုးလွန်သူ ကျော်ထွန်း (ခ)ဂျနားကို ဒီနေ့ မွန်းလွဲပိုင်းမှာ တနင်္သာရီမြို့နယ်ထဲက ဥယျာဉ်ခြံတစ်ခုထဲမှာ ဖမ်းဆီးရမိပြီး မြိတ်မြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားပါတယ်။
သတင်း- ရဲထွဋ်၊ ဓာတ်ပုံ - ဦးပြုံး