ပြည်သူ့စစ်အယောင်ဆောင် ၁ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ လားရှိုးတွင် ဖမ်းမိ
DVB
·
January 7, 2021
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အမှတ် ၇ ရပ်ကွက်နယ်မြေ ၆ ၊ အေးသာယာလမ်းထဲမှ ဇန်နဝါရီ ၆ ရက်က ပြည်သူ့စစ်အယောင်ဆောင် လူငယ် တစ်ယောက်ကို လက်နက်ခဲယမ်း တချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ လာရှိုးမြို့မရဲစခန်းကနေ သိရပါတယ်။
လားရှိုးမြို့မရဲစခန်း အမှုစစ်ရဲအရာရှိတစ်ဦးက “နယ်မြေခံပြည်သူ့စစ်တာဝန်ခံကို ဆက်သွယ်စုံစမ်းမေးမြန်းအခါ သူတို့ရဲ့ တပ်ဖွဲ့ဝင်မဟုတ်ကြောင်း အကြောင်းပြန်လာပါတယ်။ လတ်တလော လက်နက်အက်ဥပဒေနဲ့ အမှုဖွင့်လှစ်ထားပါတယ်”လို့ ပြောပါတယ်။
အဆိုပါနေ့က လားရှိုးမြို့နယ်အမှတ် ၇ ရပ်ကွက်နယ်မြေ ၆၊ အေးသာယာလမ်းနေ လီဖူရှိုး(ခ)စန်းတီ ဆိုသူနေအိမ်မှာ လက်နတ်တချို့ရှိနေတယ်ဆိုတဲ့ သတင်းအရ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သက်သေတချို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သူ နေထိုင်ရာနေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ကြတာပါ။
စစ်ဆေးရာမှာ မောင်းပြန်ရိုင်ဖယ် သေနတ် ၁ လက်၊ ၅ လုံးပြူးသေနတ် ၁ လက်ကို ခန္ဓာကိုယ်ပေါ်မှာ တွေ့ရပြီး Toyota ကားပေါ် သိမ်းဆည်းထားတဲ့ ရိုင်ဖယ်ကျည် ၁၁၈ တောင့်၊ ကျည်အိမ် ၄ ခု ၊ Luger - 38 ၅ လုံးပြူးကျည် ၃၂ တောင့် ၊ ပလပ်စတစ်လက်ပစ်ဗုံး ၁ လုံး၊ လက်ထိပ် ၂ စုံ ၊ စကားပြောစက် ၅ လုံးနဲ့ ပြည်သူ့စစ် အမှတ်အသားပါယူနီဖောင်း ၃ စုံ၊ ပိုက်ဆံ ကျပ် ၄ သိန်းနဲ့ စစ်ဘက် အသုံးအဆောင်ပစ္စည်းတွေ တွေ့ရှိခဲ့ပါတယ်။
အဆိုပါ လက်နက်ခဲယမ်းတွေ လက်ဝယ်ထားရှိသူ လီဖူရှိုး (ခ) စန်းတီ ဆိုသူကို လာရှိုး မြို့မရဲစခန်းက လက်နက် ဥပဒေပုဒ်မ ၁၉(စ)နဲ့ အမှုဖွင့်လှစ် အရေးယူထားပါတယ်။
သတင်း- ရဲထွဋ်