စမွတ်ဆာခွန်းတွင် လောင်စာဆီအိုးပေါက်ကွဲပြီး မြန်မာလုပ်သား ၁ ဦးသေဆုံး
DVB
·
January 6, 2021
ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ဆာခွန်းမြို့ထဲမှာ ဇန်နဝါရီ ၅ ရက် မနက်က လောင်စာဆီအိုးပေါက်ကွဲပြီး မြန်မာအလုပ်သမား တစ်ယောက်သေဆုံးကာ ထိုင်းအလုပ်သမား တစ်ယောက် ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
စမွတ်ဆာခွန်းမြို့ ဘန့်ကော်ရပ်ကွယ် နယ်မြေ ၈ ရှိ အက်စ်စီတီထိုင်းလန်း လောင်စာ ဆီစက်ရုံမှာ မနေ့က မနက် ၆ နာရီခွဲလောက်က ပေါက်ကွဲမီးလောင်မှုဖြစ်ပွားလို့ လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ စမွတ်ဆာ ခွန်းနယ်မြေရဲ တပ်ဖွဲ့ ရဲအုပ်ကြီး အနုရတ်ဒီခရိုက် က သတင်းထောက်တွေကို ပြောပါတယ်။
မီးလောင်ရာကို မီးသတ်ကား ၁၀ စီးကျော်နဲ့ မီးဝိုင်းဝန်းငြှိမ်းသတ်ရာမှာ တစ်နာရီကျော်ကြာအောင် ငြှိမ်းသတ်ပြီးမှ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။
မီးလောင်တဲ့နေရာမှာ ဂိုဒေါင်ကြီးတစ်လုံးဖြစ်ပြီး ဂိုဒေါင်ခေါင်မိုးတွေပါ ပွင့်ထွက်ကုန်ကြောင်း၊ အဓိက နေရာမှာတော့ စွန့်ပစ်ဆီတွေပြန်ပြီးအရည်ကျိုတဲ့ တိုင်ကီကြီးဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်ကီအဖုံးလည်းပွင့်ထွက်ကာ တခြားစက်ပစ္စည်းတွေလည်း မီးလောင်သွားကြောင်း၊ အနားမှာ အသက် ၂၇ နှစ်ရွယ်ရှိ မျိုးဇော်ဆိုသူ မြန်မာလုပ်သား တစ်ဦး မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး နောက်ထပ် အသက် ၂၅ နှစ်ရွယ်ရှိ အဖိရတ်ဝုန်းဆဟာ ဆိုသူ ထိုင်းအလုပ်သမားတစ်ဦးလည်း မီး လောင်ခံရကာ ပြင်းထန်တဲ့ဒဏ်ရာနဲ့ ဆေးရုံကို အမြန်ဆုံးပို့ဆောင်ထားတယ်လို့ ရဲအုပ်ကြီးက ပြောပါတယ်။
အဆိုပါစက်ရုံမှာ စွန့်ပစ်လောင်စာဆီတွေကို အရည်ပြန်ကျိုပြီး ဘိုင်အိုဒီဇယ်လ်ချက်လုပ်တဲ့စက်ရုံဖြစ်ပါတယ်။
စက်ရုံကို နှစ်သစ်ကူးကာလ ခဏနားထားပြီး အဲဒီနေ့ကမှ လုပ်ငန်းပြန်စကြောင်း၊ စက်ရုံမှာ အလုပ်သမားပေါင်း အယောက် ၂၀ ကျော်ရှိပြီး အခင်းဖြစ်တဲ့နေရာမှာ အလုပ်သမား ၅ ယောက် အလုပ်လုပ်နေတာဖြစ်ပါတယ်။ အလုပ်သမား ၃ ယောက်က တိုင်ကီအနောက်မှာရှိပြီး သေဆုံးဒဏ်ရာရသူ ၂ ယောက်က အရှေ့ကနေ စက်မောင်းစဉ် ရုတ်တရက်ပေါက်ကွဲသွားတာလို့ ဆိုပါတယ်။
ဆီအိုးပေါက်ကွဲရတဲ့အကြောင်းရင်းကို သေချာမသိကြောင်း၊ ဖိအားများလို့ ပေါက်ကွဲတယ်လို့ ယူဆကြောင်း အလုပ်သမားတစ်ယောက်က ပြောပါတယ်။
ပေါက်ကွဲမီးလောင်မှုကြောင့် ဘတ်သန်းနဲ့ချီ ဆုံးရှုံးနိုင်ပြီး လောလောဆယ် စက်ရုံပိုင်ရှင်ကို စစ်ဆေးမေးမြန်းနေတယ်လို့ ရဲစခန်းက ပြောပါတယ်။
ကိုးကား-Thairath