ဧရာဝတီတိုင်းတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၄၂ ဦးအထိ ရှိလာ
DVB
·
January 5, 2021
ဧရာဝတီတိုင်းထဲမှာ မနေ့က အသက် ၂၈ နှစ်အရွယ် ကိုဗစ်လူနာ အမျိုးသားတယောက် အပါအဝင် ၂ ယောက် သေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၄၂ ယောက်ရှိလာပါတယ်။
ညောင်တုန်းမြို့နယ်မှာနေတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားတယောက်ဟာ ချောင်းဆိုးတာ၊ မောတာ၊ ဖျားတာတွေဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်က ဆေးရုံကိုရောက်လာခဲ့တာပါ။
ညောင်တုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ စိုးလှိုင်ဦးက “သူက လူသာ ငယ်ပေမယ့် အရက်သောက်တယ်။ တခြားရောဂါအခံတော့ မရှိဘူး။ နေ့လယ်ပိုင်းလောက် ရောက်ကတည်းက SpO2 က တောက်လျှောက်ကျနေတာ။ ဒါနဲ့ပဲ ဆေးရုံမှာ တညပဲထားပြီး အထူးကုတွေ ရှိတဲ့ မအူပင်ကို လွှဲပေးလိုက်တာ” လို့ ပြောပါတယ်။
မအူပင်ဆေးရုံကို ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ရောက်လာပြီး RDT နဲ့ စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရလို့ ကုသပေးနေတုန်း မနေ့ မနက်ပိုင်းက ပြင်းထန် အဆုတ်ရောင်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့အထိ ညောင်တုန်းမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၇ ယောက်ရှိတယ်လို့ ဒေါက်တာ စိုးလှိုင်ဦးက ပြောပြီး ပိုးတွေ့လူနာပေါင်း အယောက် ၂၃၀ ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ထုတ်ပြန်ထားပါတယ်။
ပြီးတော့ ကျောင်းကုန်းမြို့နယ်မှာနေတဲ့ အသက် ၇၂ နှစ်အရွယ် အဆုတ်ရောင်ရောဂါ၊ နှလုံးရောဂါ ခံစားနေရသူ အမျိုးသမီးတယောက်ဟာ ဖျားတာ၊ မောကြပ်တာ ၃ ရက်လောက်ဖြစ်ပြီးနောက် မနေ့ မနက်ပိုင်းက သေဆုံးသွားပါတယ်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ နေထိုင်တဲ့ သူ့ရဲ့ မြေး ၂ ယောက်ဟာ လွန်ခဲ့တဲ့ ၁၅ လောက်က ရွာကို ပြန်လာခဲ့ပြီး Quarantine မဝင်ခင် လာရောက်တွေ့ဆုံတာရှိတယ်လို့ သိရတာကြောင့် လူနာအလောင်းကို COVID-19 Ag RDT စစ်ဆေးခဲ့ရာမှာ ရောဂါ ပိုးတွေ့ခဲ့ရတယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ကျောင်းကုန်းမြို့နယ်ထဲမှာတော့ ပိုးတွေ့လူနာပေါင်း ၇၇ ယောက်ရှိပါတယ်။