Homeမြန်မာသတင်း
ပဲခူးတွင် ပိုးတွေ့လူနာနှင့်ထိတွေ့သူများ ရာဇဝင်လိမ်ပြောသဖြင့် ကူးစက်နှုန်းမကျဟု ကျန်းမာရေးဦးစီးမှူး ပြော
ပဲခူးတွင် ပိုးတွေ့လူနာနှင့်ထိတွေ့သူများ ရာဇဝင်လိမ်ပြောသဖြင့် ကူးစက်နှုန်းမကျဟု ကျန်းမာရေးဦးစီးမှူး ပြော
DVB
·
January 5, 2021
ပဲခူးတိုင်း၊ ပဲခူးမြို့မှာ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေက ရာဇဝင် လိမ်ပြောတာကြောင့် ကိုဗစ်-၁၉ ပိုးတွေ့နှုန်း မကျဆင်းလာသလို အခုရက်ပိုင်း သေဆုံးနှုန်းလည်း များလာတယ်လို့ ပဲခူးမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်ရှိန်းက ပြောပါတယ်။
ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ကျဆင်းလာပေမယ့် ပဲခူးမြို့ကတော့ နေ့စဉ်ပိုးတွေ့ရှိသူ ၄၀ ဝန်းကျင်လောက်ရှိနေဆဲဖြစ်ပြီး အခု ရက်ပိုင်း သေဆုံးသူ တဖြည်းဖြည်းများလာကာ စုစုပေါင်း ၂၀ ရှိလာပြီလို့ ဆိုပါတယ်။
သေဆုံးသူတွေမှာ အသက်အရွယ်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေများပေမယ့် အဓီက ပိုးတွေ့ရှိမှု မကျဆင်းတာက ပြည်သူတွေရဲ့လိုက်နာမှုအားနည်းတာအပြင် ရောဂါပိုးတွေ့ရှိသူတွေနဲ့ ထိတွေ့ခဲ့သူတွေက ရာဇဝင်ကို လိမ်ပြောနေကြတာတွေကြောင့် ဖြစ်တယ်လို့ ဒေါက်တာရန်နိုင်ရှိန်းက ပြောပါတယ်။
“တချို့က ရောဂါဖြစ်ပြီး ဆေးရုံတက်တယ်။ ပြီးတော့ သက်သာပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားတဲ့သူ တွေရှိတော့ သူတို့ကိုကြည့်ပြီး ဒီရောဂါက သိပ်ကြောက်စရာမကောင်းဘူးလို့ ထင်နေကြတာပါ။ တကယ်ကျတော့ တစ်ယောက်နဲ့ တယောက်မတူတဲ့အတွက် တကယ်ပြင်းထန်တဲ့အခါကျရင် အဆုတ်တွေပါ ပျက်စီးပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက် မပေါ့ဆကြပဲ အထူးသတိထားဖို့ လိုတယ်။”
ပဲခူးမြို့နယ်အတွင်းမှာ ဒေသတွင်း အကျဉ်းထောင်တွေ၊ ဘုန်းကြီးကျောင်းတွေမှာပါ ရောဂါကူးစက်ခံနေရပြီး သေးဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
ပဲခူးတိုင်း တတိုင်းလုံးမှာ ရောဂါကူးစက်ခံရသူ ၇၅၀၀ ကျော်၊ လက်ရှိကုသနေသူ ၇၀၀ ကျော်၊ ဆေးရုံကဆင်းသွားသူ ၆၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၃ ဦး ရှိတယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။
သတင်း - အောင်စိုးမိုး