ကျောက်ဆည်တွင် တွေ့ရှိခဲ့သည့် ဗုံးသီးဟောင်းကို ဖျက်ဆီးမည်
DVB
·
January 3, 2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပုန်းညှက်ကျေး ကျေးရွာအနီး ကွမ်းဆေးမြောင်းအတွင်းမှာ ဇန်နဝါရီ ၁ ရက်နေ့က တွေ့ရှိခဲ့တဲ့ ဗုံးသီးဟောင်းကို ဖျက်ဆီးသွားမယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦး မြောင်းထဲရေဆင်းခပ်ရင်း ချိတ်မိတွေ့ရှိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ သွားရောစစ်ဆေးတဲ့အခါ အလျား ၃ ပေ ၇ လက်မ ဒလက်နောက်ပိတ် ၄ ခုပါတဲ့ လေယာဥ်ပစ်ဗုံးသီးဟောင်းဖြစ်နေတာကို တွေ့ရတယ်လို့ သံရွာနယ်မြေရဲစခန်းမှူး ဦးထွန်းမြိုင်က ပြောပါတယ်။
အလေးချိန်ပေါင် ၁၀၀ လောက်ရှိပြီး ၁၉၄၂ ခုနှစ်လောက်တုန်းက လေယာဥ်သုံး ဗုံးဖြစ်မယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။
အန္တရာယ်ကင်းအောင် ကားတာယာတွေနဲ့ ကာထားပြီး သုံးလို့မရတော့တဲ့ဗုံးဖြစ်တာကြောင့် ဖျက်ဆီးသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာ အဲဒီဗုံးသီးကို ကျောက်ဆည်မြို့နယ် နယ်မြေခံတပ်ရင်းကို လွှဲပြောင်းထားတယ်လို့ စခန်းမှူးက ပြောပါတယ်။
သတင်း - နွေလှိုင်း(YU)