မူဆယ်တွင် အမျိုးသားတဦး သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
January 2, 2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ ခိုဝိန်းရွာ နမ့်ပေါ်ရေချောင်းဘေးမှာ ဇန်နဝါရီလ ၁ ရက် နေ့ မနက် ၉ နာရီကျော်လောက်က အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
သေဆုံးသူ မည်သူ၊ မည်ဝါမှန်း မသိရသေးဘူးလို့ ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက DVB ကိုပြောပါတယ်။
“ဟုတ်ကဲ့။ ကျနော်တို့ကို ရဲကနေ အကူအညီတောင်းလို့ သွားသယ်ပြီးတော့ ဆေးရုံ ပို့ခဲ့ပါတယ်။ ဘယ်သူမှန်းမသိဘူး။ ဘယ်ကမှန်း မသိဘူးပေါ့နော်။ စွမ်စော်ရပ်ကွက်ကနေသွားတဲ့ ခိုဝိန်းပေါ့နော်။ ခိုဝိန်းဘက်မှာ နမ့်ပေါ် ရေအားလျှပ်စစ် စစ်ရုံဆောက်နေတဲ့ စီမံကိန်းလုပ်နေတဲ့လမ်းပေါ်မှာပေါ့နော်။ ဒီတိုင်း သေဆုံးနေတာပေါ့နော်။”
နယ်မြေရဲကင်း အမှတ် ၁ နဲ့ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို ခြေနှစ်ဖက်နဲ့ လက်နှစ်ဖက်ကို အစိမ်းရောင် နိုင်လွန်ကြိုးနဲ့ ချည်ထားပြီး မျက်နှာကို မျက်နှာသုတ်ပဝါ အဝါရောင်နဲ့ အုပ်ထားကာ တိပ်အကြည်နဲ့ ပတ်ထားလျက် သေဆုံးနေတာ တွေ့ရတယ်လို့ သိရပါတယ်။
ဝဲဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာဘက်နားထင်ဘေး ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်တို့နဲ့ သေဆုံးနေပြီး သေဆုံးသူနဲ့ ပေ ၃၀ လောက်အကွာမှာ 9mm THAI ARMS စာတမ်းပါ ယမ်းတောင့်ခွံ ၂ ခုတို့ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သက်ဆိုင်ရာ ရဲစခန်းက သိရပါတယ်။
ကရုဏာလူမှုကူညီရေးအသင်းပိုင် မော်တော်ယာဉ်နဲ့ အလောင်းကို မူဆယ် ပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
တာဝန်ရှိသူတွေက သေနတ်နဲ့ ပစ်သတ်ခဲ့သူအား ဖမ်းမိရေး ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၄ နဲ့ အမှုဖွင့်ကာ အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းနေတယ်လို့ သိရပါတယ်။
အဲဒီရွာမှာ ဒီဇင်ဘာ ၃၀ ရက် ည ၇ နာရီလောက်က မီးခံသေတ္တာ ဖောက်ထွင်း ခိုးယူခံခဲ့ရတယ်လို့ ဒေသခံ ဦးမန်းမျိုးမြင့်က ပြောပါတယ်။
သတင်း - Pra Jaw