ဧရာဝတီတိုင်း၌ အနံ့ပျောက်သူ ၄ ဦးလျှင် ၁ ဦးနှုန်း ကိုဗစ်ရောဂါပိုးတွေ့နေ
DVB
·
January 2, 2021
ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ကူးစက်မှုဟာ အနံ့ပျောက်သူ ၄ ဦးမှာ ၁ ဦးနှုန်း ရောဂါပိုးတွေ့နေပြီး ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းစုစုပေါင်း ဇန်နဝါရီ ၁ ရက်နေ့ထိ ကူးစက်ခံရသူ ၄,၅၀၀ ကျော်ထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဒီလိုရောဂါကူးစက်ခံရသူတွေထဲမှာ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိလို့ ပိုးတွေ့တာ ၁၀ ယောက်မှာ ၁ ယောက်ရှိပြီး အနံ့ပျောက်လို့ စစ်ဆေးတဲ့ လူနာ ၄ ဦးမှာ ၁ ဦးနှုန်း ရောဂါပိုးတွေ့ရှိနေတာလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။
“တခြားနေရာကနေပြန်လာပြီး စစ်ဆေးလို့ ပိုးတွေ့တာတွေ ရှိပေမယ့် ရောဂါပိုးရှိသူနဲ့ ထိတွေ့မိလို့ ကူးစက်ခံရသူက ပိုများပါတယ်။ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိလို့ ပိုးတွေ့တဲ့သူဟာ ၁၀ ယောက်မှာ ၁ ယောက်ရှိပါတယ်” လို့ ပြောပါတယ်။
ဒီလိုရောဂါကူးစက်ခံရသူတွေထဲမှာ ဒီဇင်ဘာလထဲ အများဆုံးဖြစ်သလို သေဆုံးသူ အရေအတွက်ဟာလည်း ၃၈ ဦးရှိတဲ့အနက် ဒီဇင်ဘာလမှာ ၂၂ ဦးထိရှိတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၃၈ ဦးရှိပြီး အဲဒီအထဲမှာ အသက် ၆၀ အထက် သေဆုံးသူ ၉၅ ရာနှုန်းနီးပါးရှိကာ လူငယ်တွေ သေဆုံးတာရှိပေမယ့် သေဆုံးတဲ့ လူငယ်တွေဟာလည်း ရောဂါအခံရှိသူတွေသာ ဖြစ်တယ်လို့ ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။
ရောဂါတွေ့ရှိမှုများတဲ့ ပုသိမ်မြို့မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က စတင်ပြီး ကိုဗစ်ရောဂါ ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေးမယ့် စင်တာ ၃ ခုကို ဖွင့်လှစ်ထားပြီး စစ်ဆေးချင်တဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ကျန်းမာရေးဌာနဝန်ထမ်းတွေကို ဆက်သွယ်ပြီ စင်တာတွေမှာ အခမဲ့စစ်ဆေးနိုင်မယ်လို့ ဆိုပါတယ်။
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ထိ ဧရာဝတီတိုင်းမှာ ကိုဗစ်ရောဂါကူးစက်ခံထားရသူ ၄၅၈၅ ဦးနဲ့ သေဆုံးသူ ၃၈ ဦး ရှိပြီလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)