မန္တလေးမြို့တွင် နှစ်သစ် ပရိတ်တရားတော် ရွတ်ဖတ်ပူဇော် (ဓာတ်ပုံ)
DVB
·
January 1, 2021
မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့အစီအစဉ်နဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ နှစ်ဦး ပရိတ်တရားတော်တွေ ရွတ်ဖတ်ပူဇော်ဖို့ လုပ်ဆောင်နေပါတယ်။
မန္တလေးတိုင်းအတွင်းက ရဟန်း၊ ရှင်၊ လူ ပြည်သူတွေ အန္တရာယ်ကင်းရှင်းစေဖို့နဲ့ ကိုဗစ်-၁၉ ရောဂါကပ်ဘေး အန္တရာယ် ကျရောက်ခြင်းကနေ ကင်းလွတ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ စီးပွားဥစ္စာတွေ ပေါကြွယ်ဝစေဖို့ အကျိုးတရားတွေကို ရည်ရွယ်ပြီး ရွတ်ဖတ်ပူဇော်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။
အောင်မြေသာစံမြို့နယ်၊ စလင်းဝိဘဇ္ဇဝါဒီကျောင်းတိုက်က သံဃာတော်တွေ၊အရှေ့ ခင်မကန် တိုက်၊ ကထိန်တော်ကျောင်းက သံဃာတော်တွေနဲ့ ချမ်းမြသာစည်မြို့နယ်၊ ဓမ္မဓရဝါဆို ကျောင်းတိုက်က ဆရာတော်၊ သံဃာတော်တွေဟာ မန္တလေးမြို့အတွင်းက နေရာ ၁၀ ခုမှာ ညနေ ၃ နာရီက စပြီး သုံးရက်တိုင်အောင် ပရိတ် တရားတော်တွေကို ရွတ်ဖတ်ပူဇော်မယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့မှာ ဈေးချိုနာရီစင်၊ မန္တလေးတောင်တော်နဲ့ ကျုံးနံဘေး မင်္ဂလာတံတား အနီး၊ ဇန်နဝါရီ ၂ ရက်နေ့မှာ မဟာမုနိ ဘုရားဝန်းကျင်၊ ပြင်ဦးလွင် အတက် ဘိုးဘိုးကြီး နတ်နန်းအနီး၊ အမရပူရမြို့နယ် သံလမ်းလမ်းဆုံ အိုးတော်ရပ်နဲ့ ဥပေစိဘုရားတောင်ဘက်အနီး၊ ဇန်နဝါရီ ၃ ရက်မှာ ပုသိမ်ကြီးမြို့ နာရီစင်၊ ရန်ကင်းတောင်တော် ဘုရားအနီးနဲ့ ပြည်ကြီးတံခွန်မြို့နယ် အင်းခရု ဘုရားအနီးမှာ ပရိတ်တရားတော်ကို လှည့်လည်ရွတ်ဖတ်ပူဇော်မယ်လို့ သိရပါတယ်။
အဲ့ဒီလို ရွတ်ဖတ်ရာမှာလည်း ကိုဗစ်-၁၉ ညွှန်ကြားချက်တွေနဲ့အညီ ရွတ်ဖတ်ပူဇော်ဖို့ လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
သတင်း-ထိန်ထိန်လင်း