ပုသိမ်ခရိုင်၌ တောဆင်ရိုင်းများ ကျေးရွာအတွင်း ဝင်ရောက်နှောင့်ယှက်
DVB
·
January 1, 2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်ကစတင်ကာ တောဆင်ရိုင်းဝင်ရောက်နှောင့်ယှက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းက ကားလမ်းမဘေးက ကျေးရွာတွေကို တောဆင်ရိုင်း တွေ ဝင်ရောက်နှောင့်ယှက်လို့ ကွန်ဂျီဆင်တွေနဲ့ ပြန်မောင်းထုတ်နေရတယ်လို့ တင်းချောင်းကျေးရွာနေ ကမ္ဘာ့တောဆင်ထိန်းသိမ်း ကာကွယ်ရေးဆုတံဆိပ်ရ ဦးကျော်မြင့်ထွန်းက ပြောပါတယ်။
“စွယ်စုံဆင်ကြီးပါ မုဆိုးတွေသတ်မယ့်အန္တရာယ်ရှိနေလို့ သူတို့သဘာ၀အရ သိလို့ သူ့ကို အကာအကွယ်ပေးနိုင်မယ့် လူအများရှိတဲ့ရွာတွေအနားကပ်လာတာပါ။ လူကိုအန္တရာယ်ပြုတာ မရှိဘူး။ စိုက်ခင်းတွေစားတာမျိုးတော့ရှိတယ်။ နောက်တစ်ကောင်ကတော့ ငွေဆောင်ဘက်မှာပါ။ သူကတော့ ဆိုးတယ်"။
ဒါပြင် ပုသိမ်ခရိုင်၊ ငွေဆောင် - ပုသိမ် ကားလမ်း ဘေးက ကျေးရွာတွေမှာ ဆင်ရိုင်း တစ်ကောင် ဝင်ရောက်ပြီး ဖျက်ဆီးတာတွေနဲ့ အန္တရာယ်ပြုတာမျိုးတွေ နင်းသတ်တာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။
ပုသိမ်မြို့နယ် ဆင်အုပ်ကြီး ဦးသိန်းစံက "အရင်က ခုလိုပြုလုပ်တာမျိုးမရှိဘူး။ ခုက သူ့ကို နာကျင်ကြောက်လန့်အောင်လုပ်လိုက်လို့ ခုလိုအခြေအနေဖြစ်နေတာလို့ ယူဆရတယ်။ ဆင်မောင်း အဖွဲ့က ကွန်ဂျီဆင်တစ်ကောင်တောင် သူကိုက်လို့ဒဏ်ရာရထားတယ်။ မောင်းထုတ်ပေမယ့် ပြန်လာတယ်”လို့ ပြောပါတယ်။
ငွေဆောင်ကားလမ်းဘေးရှိ ရေသိုးကျေးရွာအနီး စိုက်ခင်းတွေကို ဝင်လာတဲ့ တောဆင်ရိုင်းဟာ အမြင့်ပေ ၁၀ ပေကျော်ရှိပြီး ဟိုင်းဆင်အမျိုးစား ဖြစ်ကာ ပြီးခဲ့ နှစ်ပတ်က စိုက်ခင်းစောင့်သူ တစ်ယောက်ကို နင်းသတ်ခဲ့သလို ကွန်ဂျီဆင်တွေနဲ့ မောင်းထုတ်ရာမှာလည်း ပြန်ကိုက်တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်အထိ စာရင်းတွေအရ တောဆင်ရိုင်း နင်းသတ်ခံရလို့ သေဆုံးသူ နှစ်ယောက်ရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ကိုထွန်းလေး