Home
မြန်မာသတင်း
မောင်တောတွင် လယ်သမား ၁ ဦး တောဆင်ရိုင်းနင်းခံရပြီး သေဆုံး
DVB
·
December 10, 2023
ele 10122023

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ငန်းချောင်းကျေးရွာမှာ လယ်သမား တယောက် ဒီဇင်ဘာ ၉ ရက် မနက်  ၃ နာရီလောက်က  တောဆင်ရိုင်းနင်းခံရပြီး သေဆုံးသွားတယ်လို့ ငန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ငန်းချောင်းကျေးရွာသား အသက် ၆၀ နှစ်အရွယ် ဦးအာဒူရ်လာမီဟာ တလင်းပြင်မှာ သားဖြစ်သူနဲ့အတူ လယ်စပါးစောင့်နေစဉ် ဆင်နင်းခံရပြီး ဦးခေါင်းကွဲသွားကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရ​တာပါ။

ငမ်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက "သူတို့ သားဖနှစ်ယောက်က လယ်တဲထဲမှာ အိပ်နေကြတာ။ ဆင်ရိုင်းက စပါးလာစားတာ။ သူတို့ သားဖနှစ်ယောက်က အော်ဟစ်ပြီး နှင်ထုတ်နေတုန်း ဆင်ရိုင်းက ပြန်တိုက်ခိုက်တယ်။ သားဖြစ်သူက ထွက်ပြေးပြီး လွတ်သွားတယ်။ အဖေဖြစ်သူက အသက်ကြီးလို့ မပြေးနိုင်တော့ ဆင်အနင်းခံရတာ"လို့ ပြောပါတယ်။

မေယုတောင်တန်းရှိ တောဆင်ရိုင်းတွေဟာ နေ့အချိန် တောထဲမှာ ကျင်လည်ကျက်စားပြီး ညအချိန်မှာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ လယ်ကွင်း၊ ဉယျာဉ်ခင်းတွေကို  ဝင်ရောက် ကျက်စားလေ့ရှိတာကြောင့် ဒေသခံတွေ တောဆင်ရိုင်းအန္တရာယ်နဲ့ အမြဲလိုလို ကြုံတွေ့နေရတာလို့ ဆိုပါတယ်။

ဒေသခံတဦးက "မောင်တောနဲ့ ရသေ့တောင်နယ်တလျှောက်မှာ  ၂၀၁၇ အကြမ်းဖက်ဖြစ်စဥ်ကြောင်း ကျေးရွာ ရာနဲ့ ချီပြီးမရှိတော့ဘဲ တောရိုင်း တရိစ္ဆာန်တွေ လူနေကျေးရွာတွေကို ဝင်ရောက် လာတာ များလာနေတာ”လို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်နဲ့  ၂၀၂၁ ခုနှစ်မှာ တောဆင်ရိုင်းတွေ အနင်းခံရလို့  မောင်တောမြို့နယ်တောင်ပိုင်း အထက်ကံသာယာကျေးရွာသား ၁ ဦး၊ ဗောဓိကုန်းကျေးရွာသား ၁ ဦး၊ ကျောက်ချောင်းကျေးရွာသား ၁ ဦးနဲ့ ငန်းချောင်ကျေးရွာသား ၁ ဦးသေဆုံးသွားခဲ့ရပြီး ဒဏ်ရာရရှိသူ  ၂ ဦး ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024