ဆားလင်းကြီးမြို့နယ်ရှိ ရွှေလှေကျေးရွာကို Stay at Home သတ်မှတ်
DVB
·
December 31, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းကျေးရွာအုပ်စုရှိ ရွှေလှေကျေးရွာမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေများလာတာကြောင့် Stay at Home နေထိုင်ဖို့ ဒီဇင်ဘာ ၃၀ ရက်နေ့က သတ်မှတ်လိုက်တာပါ။
Stay at Home ကာလကတော့ ဒီဇင်ဘာ ၃၀ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်နေ့ထိ မြို့နယ်ကျန်းမာရေးဌာနက သတ်မှတ်ထားတာပါ။
ရွှေလှေကျေးရွာမှာ ဒီဇင်ဘာ ၂၉ ရက် တရက်တည်းတင် ပိုးတွေ့သူ ၇ ယောက်တွေ့ရှိခဲ့သလို ဒီဇင်ဘာ ၃၁ ရက် ဒီနေ့မှာ ပိုးတွေ့လူနာ ၈ ယောက် ထပ်တိုးလာတာကြောင့် စုစုပေါင်း ပိုးတွေ့သူ ၂၁ ယောက်အထိ ရှိလာနေပြီဖြစ်ပါတယ်။
ရွှေလှေကျေးရွာနေ မညိုလင်းက " ကွာရန်တင်း ဝင်ထားရတဲ့သူဦးရေ ၇၀ ကျော်ရှိတယ်။ မိသားစုလိုက် ကွာရန်တင်းဝင်ရတော့ စားသောက်ရေးအခက်အခဲရှိသလို စပါးရိတ်သိမ်းချိန်လည်း ရောက်တော့တောင်သူတွေနဲ့ လက်လုပ်လက်စားတွေပါ အဆင်မပြေဖြစ်နေတယ်"လို့ ပြောပါတယ်။
ရွှေလှေကျေးရွာမှာ အိမ်ထောင်စုပေါင်း ၃၄၈ စု ရှိပြီး လူဦးရေ ၁၄၀၀ ကျော်ရှိကာ ဆန်နဲ့ဆီတော့ ထောက်ပံ့ပေးဖို့ ဆောင်ရွက်နေတယ်လို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်က ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ Stay at Home သတ်မှတ်ထားတဲ့ကျေးရွာ ၂ ရွာရှိပြီး တောကျောင်းကျေးရွာနဲ့ ရွှေလှေကျေးရွာတို့ဖြစ်ပါတယ်။ တစ်မြို့နယ်လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၄၅ ယောက်ရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၂၂ ယောက်ရှိတယ်လို့ သိရပါတယ်။