Homeမြန်မာသတင်း
အွန်လိုင်းပေါ် ရင်းနှီးသည့်အမျိုးသမီးအားခေါ်ပြီး ရွှေထည်၊ငွေများ လုယူသူများကို ဖမ်းမိ
အွန်လိုင်းပေါ် ရင်းနှီးသည့်အမျိုးသမီးအားခေါ်ပြီး ရွှေထည်၊ငွေများ လုယူသူများကို ဖမ်းမိ
DVB
·
December 25, 2020
အွန်လိုင်းပေါ်မှာ ရင်းနှီးတဲ့ အမျိုးသမီးကိုခေါ်ဆောင်ပြီး ရွှေထည်ပစ္စည်း၊ ငွေနဲ့ လက်ကိုင်ဖုန်း လုယူသွားသူတွေကို ဖော်ထုတ်ဖမ်းဆီးရမိတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်က သာကေတမြို့နယ်၊ (၂/မြောက်)ရပ်ကွက်နေ အမျိုးသမီးဟာ ဖေ့စ်ဘွတ်ခ်သုံစွဲရင်းခင်မင်တဲ့ သက်ပိုင်(ခ)တိမ်ယံက မုန့်စားဖို့ ချိန်းတာကြောင့် ဇင်ကမလမ်းပေါ် Gas ဆိုင်ရှေ့ကနေ သက်ပိုင်(ခ)တိမ်ယံ မောင်းနှင်လာတဲ့ ကားနဲ့ လိုက်ပါသွားခဲ့ပါတယ်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၆၇ ရပ်ကွက်၊ ကမ်းနားလမ်းအရောက် သက်ပိုင်(ခ)တိမ်ယံက ကားရပ်ပြီး နောက်ခန်းမှာ သူတို့ ၂ ယောက် ဝင်ရောက်စကားပြောနေတုန်း အမည်မသိ အမျိုးသား ၂ ယောက် ကားထဲဝင်လာပြီး သက်ပိုင်(ခ)တိမ်ယံ ကို ကားပေါ်က ဆွဲချခဲ့ပါတယ်။
ပြီးတော့ တရားလို အမျိုးသမီးကို ဓားနဲ့ထောက် ခြိမ်းခြောက်တာကြောင့် ပါလာတဲ့ ရွှေထည် ပစ္စည်း ၅ မျိုးနဲ့ လက်ကိုင်ဖုန်း ၁ လုံး၊ ငွေ ၅ သိန်းကျပ်ကို ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီနောက် အဲဒီ အမျိုးသား ၂ ယောက်က ကားကို မောင်းနှင်သွားပြီး အမျိုးသမီးကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရွှေလီလမ်းဘေးမှာ ချထားခဲ့တာကြောင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မ ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့ပါတယ်။
ဒီအမှုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုက ရဲအုပ် တင့်လွင်ဦး ဦးစီးအဖွဲ့နဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းက နယ်ထိန်းအရာရှိ ရဲအုပ် ဇော်မိုးတို့ ပူးပေါင်းအဖွဲ့က တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၂ ရက်မှာ ရွှေပေါက္ကံမြို့သစ်နေ အငှားယာဉ်မောင်း အသက် ၃၃ နှစ်အရွယ် ဘိုဘိုနိုင်ကို သူ့ရဲ့အိမ်မှာ ဖမ်းဆီးရမိပြီး စစ်ဆေးရာမှာ ဒီအမှုကို အသက် ၂၆ နှစ်အရွယ် သက်ပိုင်(ခ)တိမ်ယံနဲ့ စုံစမ်းနေဆဲဖြစ်တဲ့ ရွှေဘတို့နဲ့အတူ ပူးပေါင်းကျူးလွန်ခဲ့တယ်လို့ စစ်ဆေးပေါ် ပေါက်ချက်အရ တရားခံ သက်ပိုင်(ခ)တိမ်ယံကိုလည်း ထပ်ပြီး ဖမ်းဆီးခဲ့ပါတယ်။
အခုတော့ သက်သေခံပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းပြီး ပူးပေါင်းပါဝင်သူ ရွှေဘကို အမြန်စုံစမ်းဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။