တောင်ကြီးမြို့ပေါ်ရှိ စားသောက်ဆိုင်များကို ရှောင်တခင် စစ်ဆေး
DVB
·
December 25, 2020
တောင်ကြီးမြို့မှာ စားသောက်ဆိုင်တွေကို သတ်မှတ်စည်းကမ်းချက်တွေနဲ့ ညီမညီ တာဝန်ရှိသူတွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
တောင်ကြီးမြို့ပေါ်မှာ ကိုဗစ် သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ဖွင့်ခွင့်ရထားတဲ့ စားသောက်ဆိုင် တွေနဲ့ ဖွင့်ခွင့်မရသေးတဲ့စားသောက်ဆိုင်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ စည်ပင်သာယာရေးကော်မတီနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
ကျန်းမာရေး သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့အညီ ဆိုင်ဖွင့်လှစ်ထားခြင်း ရှိမရှိနဲ့ ဝန်ထမ်းတွေ စည်းကမ်းနဲ့အညီ လုပ်ဆောင်မှုရှိမရှိကို ဝင်ရောက်စစ်ဆေးတာလို့ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောပါတယ်။
ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုရှိလို့ ဖွင့်လှစ်ခွင့်ရထားတဲ့ စားသောက်ဆိုင်တွေထဲက တစ်ချို့မှာ လိုအပ်ချက်တွေရှိနေသေးတဲ့အတွက် ပထမအကြိမ်အနေနဲ့ ပညာပေးတာတွေ လုပ်ဆောင်ခဲ့ပြီး ဒုတိယအကြိမ် စစ်ဆေးလို့ စည်းကမ်းချက်တွေမပြည့်စုံရင် အရေးယူတာတွေလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
A အဆင့်မရလို့ ဖွင့်ခွင့်မရသေးတဲ့ စားသောက်ဆိုင်တွေကိုလည်း စည်းကမ်းချက်တွေကိုက်ညီမှုရှိအောင် အသိပညာပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
တောင်ကြီးမြိုပေါ်က သတ်မှတ် စည်းကမ်းနဲ့အညီ A အဆင့်ရရှိအောင် လုပ်ဆောင်ထားတဲ့ ဆိုင်တွေကို ဒီဇင်ဘာလ ၂၃ ရက်ကနေစပြီး ဆိုင်ထိုင်စားသောက်ခွင့်ပြုပေးလိုက်တာပါ။
ခွန်ရာဇာ