ဘုရားကြီးမြို့တွင် ငွေကျပ်သိန်း ၂,၈၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
DVB
·
December 25, 2020
ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့မှာ ငွေကျပ်သိန်း ၂,၈၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီမှာ သက်သေတွေနဲ့အတူ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ပဲခူး-ဝေါသွားကား လမ်း ရွှေသံလွင်ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ဘုရားကြီးမြို့ဘက်ကနေ ဝေါမြို့ဘက်ကို စောနိုင် နှစ်မောင်းနှင်ပြီး စိုင်းကောလိန္ဒ လိုက်ပါလာတဲ့ Probox အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တာပါ။
ယာဉ်ပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၂၈၅၀) နဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ပါတယ်။
ဘုရားကြီးနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။