Home
မြန်မာသတင်း
၆ နှစ်သမီးအား အဓမ္မပြုကျင့်သတ်ဖြတ်သူကို SSPP က သေဒဏ်ချမှတ်
DVB
·
December 23, 2020
131072282_1304166863267671_85027159711143154_o
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ချမှတ်လိုက်တယ်လို့  ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဒီဇင်ဘာ ၂၂ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ သေဒဏ်ချမှတ်ခံရသူ တရားခံအမျိုးသားကိုတော့ အသက် ၃၀ အရွယ် အိုက်စောလို့ ဖော်ပြထားခဲ့ပြီး ဒီအဖြစ်အပျက်ဟာ သီပေါမြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်စု၊ ဝမ်နွတ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က ဖြစ်ခဲ့တာပါ။ ပြစ်မှုကျူးလွန်သူ အမျိုးသားဟာ  ဦးလုံးထွန်း၊ ဒေါ်နန်းတောင်တို့ရဲ့ သမီးဖြစ်တဲ့ အသက် ၆ နှစ်အရွယ် နန်းလယုံးကို နေအိမ်က အတင်းအဓမ္မဖမ်းချုပ်ပြီး ရွာအရှေ့ဘက် ချုံထဲမှာ မုဒိမ်းပြုကျင့်ကာ လျှိုမြောင်ထဲကို ပစ်ချခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ရဲ့ မြို့နယ်၊ ခရိုင်တရား ရုံးအဆင့်ဆင့်က အမှုစစ်ခဲ့ပြီး ဗဟိုတရားရုံးကို တရားခံနဲ့အတူ အမှုလွှဲအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂၂ ရက်မှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဗဟိုတရားရုံးရဲ့ တရားခွင်မှာ အမှုစစ်ဆေးခဲ့ပြီး သက်ငယ်မုဒိမ်းမှုနဲ့ လူသတ်မှုမြောက်ကြောင်း ထပ်မံအတည်ပြုနိုင်ခဲ့ပြီး သေဒဏ်ချမှတ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ လက်ရှိဥပဒေအရ သက်ငယ်မုဒိမ်းမှုကျုးလွန်သူဟာ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ လူသတ်မှုပုဒ်မ ၃၀၂ တို့နဲ့ တရားစွဲဆိုခံရမှာ ဖြစ်ပါတယ်။ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် သူ့ကို တသက်တကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ပုဒ်မ ၃၀၂ (ဂ) အရတော့ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တဲ့ပြစ်မှုကို ကျူးလွန်နေတုန်းမှာ လူသတ်မှုကို ကျူးလွန်တယ်ဆိုရင် သူ့ကို သေဒဏ်ချမှတ်ရမှာဖြစ်တဲ့အပြင် ငွေဒဏ်လည်းထပ်ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကတော့ လတ်တလောအချိန်ထိ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(အန်စီအေ)မှာ လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲက တဖွဲ့ဖြစ်ပြီး ဌာနချုပ်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းမှာ တည်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024