Homeမြန်မာသတင်း
အန်အယ်လ်ဒီက ၅ မှု၊ ကြံ့ခိုင်ရေးပါတီက အမှု ၇၀ ကျော် ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားမည်
အန်အယ်လ်ဒီက ၅ မှု၊ ကြံ့ခိုင်ရေးပါတီက အမှု ၇၀ ကျော် ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားမည်
ဇေယျာချမ်းအေး
·
December 20, 2020
၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၇ မှု၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမှု ၇၀ ကျော် ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းတိုင်ကြားသွားဖို့ ရှိနေပါတယ်။
၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကော်မရှင်ဆီ တိုင်ကြားဖို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၅ မှုနဲ့ တရားမဲ့ပြု ကျင့်မှု ၁၂ မှုရှိနေပြီး ဒီဇင်ဘာ ၂၃ ရက်နေ့ နောက်ဆုံးထား တင်သွင်းမယ်လို့ NLD ဗဟိုအောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ဘယ်ဒေသက ဘယ်လိုအမှုတွေဆိုတာကိုတော့ ပြောခွင့်မရှိဘဲ အန်အယ်လ်ဒီ နေပြည်တော်ဗဟိုအောင်နိုင်ရေးကော်မတီက ဒီကိစ္စတွေကို ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကတော့ ကော်မရှင်ကို တိုင်ကြားဖို့ အမှုပေါင်း ၇၀ ကျော်အထိ ရှိနေတယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလှသိန်းက ပြောပါတယ်။
ကြံခိုင်ရေးပါတီက တင်သွင်းတဲ့အမှုတွေထဲမှာ အောက်ခြေကော်မရှင်အဖွဲ့ခွဲတွေက ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်တာတွေကို တိုင်ကြားတာအများဆုံးဖြစ်ပြီး ကော်မရှင်က ကိုင်တွယ်ဆုံးဖြတ်နိုင်အောင် ခိုင်လုံတဲ့သက်သေတွေတင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေကတော့ ဒီလိုမျိုး နိုင်ငံရေးပါတီအချင်းချင်း အပြန်အလှန်တိုင်ကြားတာတွေဟာ ပါတီတွေရဲ့ဥပဒေပါ အခွင့်အရေးဖြစ်တယ်လို့ ဆိုပါတယ်။
ကော်မရှင်က ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး ဘယ်လိုရလဒ်တွေ ထွက်လာမလဲဆိုတာကို စောင့်ကြည့်ရမယ်လို့ New Myanmar Foundation အဖွဲ့က မမြနန္ဒာသင်းက ပြောပါတယ်။
ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲကန့်ကွက်လွှာတွေ၊ တရားမဲ့ပြုကျင့်မှုတွေကို ရွေးကောက်ပွဲရလဒ်ထွက်ပေါ်ပြီး ၄၅ ရက်အတွင်း တင်သွင်းတိုင်ကြားရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေက ပြဋ္ဌာန်းထားတာပါ။
ဒီအမှုတွေနဲ့ပတ်သက်ပြီး ကော်မရှင်က ခုံရုံးဖွဲ့စုံစမ်းစစ်ဆေးမှာဖြစ်ပြီး ကော်မရှင်က ကိုင်တွယ်ခွင့်မရှိတဲ့ ရဲအရေးပိုင်တဲ့ အမှုတွေကိုတော့ ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။