ပုဂ္ဂလိကဆေးရုံကလွှဲသည့် လူနာတွင် ကိုဗစ်ပိုးတွေ့၊ စေတနာ့ဝန်ထမ်း ၃ ဦး ကွာရန်တင်းဝင်ရ
DVB
·
December 19, 2020
မကွေးမြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ပုဂ္ဂလိက ဆေးရုံတစ်ခုက ကြိုတင်အသိမပေးဘဲ လွှဲပြောင်းတဲ့ ကိုဗစ်-၁၉ သံသယလူနာမှာ ပိုးတွေ့တာကြောင့် စေတနာ့ဝန်ထမ်း ၃ ယောက် ကွာရန်တင်း ဝင်လိုက်ရတယ်လို့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းက သိရပါတယ်။
ပုဂ္ဂလိကဆေးရုံတစ်ခုကနေ ကိုဗစ်-၁၉ သံသယလူနာကို ကြိုတင်အသိပေးခြင်းမရှိဘဲ သင်ကြားရေးဆေးရုံကို လွှဲပြောင်းပြီးနောက် အဲဒီလူနာမှာ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် စေတနာ့ဝန်ထမ်း ၃ ယောက် အသွားလာကန့်သတ်ခံထားရပြီး ကွာရန်တင်းဝင်နေရတယ်လို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးနိုင်က ပြောပါတယ်။
“လူနာလွှဲပြောင်းပေးဖို့ ဖုန်းဆက်ပြီး အကူညီတောင်းတဲ့အတွက် သင်ကြားရေးဆေးရုံကို ပို့ဆောင်ရာမှာ အဲဒီလူနာကို ကိုဗစ်-၁၉ ရောဂါကုသတဲ့ သီခြားဆောင်မှာ ထားမယ်လို့ ပြောမှ သံသယလူနာမှန်း သိရပြီးတော့ စေတနာ့ဝန်ထမ်း ၃ ယောက်ကို အသွားလာကန့်သတ်ပြီး ဓာတ်ခွဲ နမူနာပေးပို့စစ်ဆေးသွားမယ်” လို့ ဆိုပါတယ်။
တော်ဝင်ကံ့ကော် ပုဂ္ဂလိက ဆေးရုံက ကိုဗစ်-၁၉ သံသယလူနာ လွှဲပြောင်းတာကို ကြိုတင်အသိမပေးဘဲ လွှဲပြောင်းတာဖြစ်ပြီး အဲဒီဆေးရုံ နဲ့ပတ်သက်လို့ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနကို တင်ပြထားပြီး ဘယ်လို အရေးယူမယ်ဆိုတာကိုတော့ မသိရသေးဘူး မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြောပါတယ်။
လူမှုကူညီရေးအသင်းတွေဆိုတာ အသက်နဲ့ရင်းပြီး အကူညီပေးနေရတာဖြစ်လို့ ပုဂ္ဂလိက ဆေးရုံတွေကော၊ လူနာရှင်တွေကော လူနာတွေရဲ့ ရာဇဝင်တွေကို မခြွင်းမချန် ပြောဖို့လိုအပ်ပြီး ဒီလိုမျိုး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
မကွေးတိုင်ဒေသကြီးအတွင်းမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁၀၁ ဦးထိရှိလာပြီး သေဆုံးသူ ၅ ယောက်ရှိတယ်လို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း-မင်းထီး