ဇီးကုန်းမြို့ ရွှေဖောင်ဦး ပရိယတ္တိစာသင်တိုက်ကို အသွားအလာကန့်သတ်
DVB
·
December 19, 2020
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ရွှေဖောင်ဦး ပရိယတ္တိစာသင်တိုက်မှာ ဆွမ်းလာကပ်သူ ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာကြောင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းလောက်ကစပြီး အသွားအလာကန့်သတ်ထားတယ်လို့ မြို့နယ် Facility quarantine center တာဝန်ရှိသူတဦးဖြစ်သူ ကိုဇော်သိန်းက ပြောပါတယ်။
ပိုးတွေ့လူနာဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ညနေပိုင်းက ရွှေဖောင်ဦးကျောင်းရဲ့ စားဖိုဆောင်မှာ ဆွမ်းဝင်ချက်ခဲ့ပြီး ၁၇ ရက်နေ့မှာ အနံ့ပျောက်တာကြောင့် စစ်ဆေးရာမှ ပိုးတွေ့ခဲ့တာလို့ ဆိုပါတယ်။
ပိုးတွေ့လူနာနဲ့အတူ ဆွမ်းချက်ခဲ့တဲ့ ကျောင်းဝေယာဝစ္စ လုပ်သူတွေကို ဇီးကုန်းမြို့ Facility quarantine center မှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အဲဒီဘုန်းကြီးကျောင်းမှာ သံဃာအပါး ၆၀ ရှိပြီး ဆွမ်းအတွက် ဘုန်းကြီးကျောင်းရဲ့ အပြင်ကနေ စီစဉ်ပေးထားတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဇီးကုန်းမြို့ မှာ ဒီနေ့အထိ ပိုးတွေ့လူနာ ၆ ဦးရှိပြီဖြစ်ပြီး ကွာရန်တင်းဝင်နေသူ ၁၂၄ ဦး ရှိတယ်လို့ သိရပါတယ်။
သတင်း - ပြည့်ဖြိုးကိုကို