ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာအကျဉ်းသား ၁၄၀ ကျော်ကို တရုတ်က ပြန်လည်လွှဲပြောင်း
DVB
·
December 19, 2020
တရုတ်အကျည်းထောင် ၁၂ ထောင်မှာ နှစ်ရှည် ဖမ်းဆီးထိန်းသိမ်းခံရပြီး လွတ်ရက်စေ့သွားတဲ့ မြန်မာနိုင်ငံသား အကျဉ်းသား ၁၄၀ ကျော်ကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တရုတ်ဘက်က ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ မူဆယ် တရုတ်ကျောင်း ထောင်လွှဲ ကွာရန်တင်းစင်တာ တာဝန်ခံ ဦးမန်းမျိုးမြင့်က DVB ကို ပြောပါတယ်။
ထောင်လွှဲ ပို့ဆောင်သူတွေမှာ ဆေးမှုအများဆုံးဖြစ်ပြီး လဝက နယ်ကျော်မှု၊ လူကုန်ကူးမှုတွေ ပါဝင်ကာ ၄ လမှ အနှစ် ၂၀ ထိ ကျခံရသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ ပြည်နယ်အသီးသီးရှိ အကျည်းထောင် ၁၂ ထောင်က အမျိုးသမီး ၆၇ ဦး၊ အမျိုးသား ၇၉ ဦး ဖြစ်ပြီး အဲဒီထဲက အမျိုးသမီး ၂ ဦးက လူကုန်ကူးခံရတာကြောင့် ကျယ်ဂေါင် လူကုန်ကူးမှုတားဆီးရေး စင်တာကို ပို့ဆောင်ထားကာ ကျန်သူတွေကိုတော့ မူဆယ် တရုတ်ကျောင်း ထောင်လွှဲ ကွာရန်တင်းစင်တာမှာ လက်ခံထားရှိတယ်လို့ ဦးမန်းမျိုးမြင့်က ပြောပါတယ်။
လွှဲပြောင်းခံရသူတွေကို ဒီဇင်ဘာ ၁၉ ရက်မနက် ၇ နာရီက စတင်ကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပြီး ပိုးကင်းစင်သူတွေကိုတော့ နေရပ်ဒေသ ပို့ဆောင်သွားမယ်လို့ မူဆယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး၊ ကုသရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တရုတ်ကျောင်း ကွာရန်တင်းစင်တာက သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် ကာလအတွင်း တရုတ်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားအကျဉ်းသားတွေကို တရုတ်-မြန်မာ တရားဝင် အဝင်အထွက် ဂိတ်ပေါက်ဖြစ်တဲ့ မူဆယ်မြို့ နန်းတော်ဂိတ်ကနေ အပတ်စဉ် သောကြာနေ့တိုင်း လွှဲပြောင်းပေးနေတာ ဖြစ်ပါတယ်။
သတင်း - Pra Jaw