PPE ဝတ်စုံဝတ် ပြည်တွင်းလေကြောင်း ခရီးသည်များ (ဓာတ်ပုံ)
DVB
·
December 18, 2020
ပြည်တွင်း လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲနေရာမှာ လေကြောင်းလိုင်းတွေနဲ့ လိုက်ပါကြမယ့် ခရီးသည်တချို့ဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဖို့ PPE ဝတ်စုံတွေ ဝတ်ပြီး ခရီးသွားနေတာကို မြင်တွေ့ရပါတယ်။
တချို့ခရီးသည်တွေကတော့ ပုံမှန် နှာခေါင်းစည်း Mask နဲ့ မျက်နှာအကာတွေ ဝတ်ဆင်ခရီးသွားကြတာရှိသလို လေကြောင်းလိုင်း အမှုထမ်းတွေနဲ့ လေယာဉ်ကွင်းဝန်ထမ်းတွေ ကလည်း ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် Mask နဲ့ မျက်နှာအကာတွေ တပ်ဆင်တာတွေ့ရပါတယ်။
ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲရာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းတွေနဲ့ လေယာဉ်စီးခရီးသည်တွေ လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက် (SOP)နဲ့ အညီဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
ပြည်တွင်းလေကြောင်းခရီးသွားတွေအနေနဲ့ ၃၆ နာရီအတွင်း ကိုဗစ်-၁၉ ကင်းစင်ကြောင်း လက်မှတ်၊ လေယာဉ်လက်မှတ်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပြသနိုင်မှသာ လေဆိပ်အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမယ်လို့ ရန်ကုန် လေဆိပ်က ကြေညာထားပါတယ်။
Photo - Nyein Chan Oo / MPA