မြင်းခြံတွင် တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄ ဦး တွေ့
DVB
·
December 16, 2020
မန္တလေးတိုင်းဒေသကြီး မြင်ခြံမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ ဓာတ်ခွဲအဖြေအရ ပိုးတွေ့လူနာ ၁၄ ယောက်ရှိပြီး RDT စစ်ဆေးချက်အရ အယောက် ၂၀ မှာ ပိုးတွေ့တာကြောင့် တစ်ရက်တည်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄ ယောက်တွေရှိတယ်လို့ မြင်းခြံ ကိုဗစ်ကော်မတီက ပြောပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့က ကွာရန်တင်းဝင်နေသူ ၁၀၃ ယောက်နဲ့ မြင်းခြံဆေးရုံက PUI လူနာ ၂ ယောက်ကို မန္တလေး ဓာတ်မှန်ဌာနကို ပေးပို့စစ်ဆေးချက်က ၁၄ ယောက် တွေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။
မြင်းခြံမှာ RDT နဲ့စစ်ဆေးချက်အရ အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက် မှာကိုဗစ်-၁၉ ပိုးတွေ့ပါတယ်။ မန္တလေး ဓာတ်ခွဲအဖြေအရ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက် ပိုးတွေ့ရှိတာလို့ သိရပါတယ်။
မြင်းခြံမှာ သံသယလူနာ၊ အနံ့ပျောက်လူနာ၊ စောင့်ကြည့်လူနာတွေကို RDT နဲ့သာ ကနဦးစစ်ဆေးနေတာဖြစ်ပြီး RDT စစ်ဆေးချက် negative ဖြစ်ရင် ဓာတ်ခွဲ စစ်ဆေးတာ မရှိတော့ပါဘူး။ ဒေသတွင်း အနံ့ပျောက်လူနာ ၁၅ ယောက် ရှိတယ်လို့ သိရပါတယ်။
မြင်းခြံဆေးရုံကြီးမှာ ဒီဇင်ဘာ ၁၅ ရက်အထိ ကိုဗစ်-၁၉ တည်ပြုလူနာ ၂၀၂ ယောက် ရှိနေပြီး လက်ရှိ ဆေးရုံမှာ ကုသမှု ခံယူနေသူ ၇၄ ယောက်ရှိပါတယ်။
သတင်း- ဇာဇာမောင်(CJ)