လားရှိုးတွင် ရန်ကုန်မှ လာသည့် ရဲအရာရှိ ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့
DVB
·
December 14, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ရန်ကုန်ကနေ လာရောက်တဲ့ ရဲအရာရှိ ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေရှိခဲ့ပါတယ်။
ရန်ကုန်တိုင်း ၊ ကမာရွတ်မြို့မရဲစခန်းက ရဲအရာရှိတွေ အပါအဝင် လူ ၇ ဦးဟာ အမှုတစ်ခုရဲ့ သက်သေခံပစ္စည်းသိမ်းဖို့ ဒီဇင်ဘာ ၉ ရက်နေ့က လားရှိုးကို ရောက်လာပြီး တည်းခိုခန်းတခုမှာတည်းခိုနေတာပါ။
လူနာအပါအဝင် ရန်ကုန်မှလာရောက်သူ ၇ ဦးကို ဒီဇင်ဘာ ၁၀ ရက်နေ့က RDT TEST KIT နဲ့ စစ်ဆေးရာမှာ ပိုးမတွေ့ခဲ့ပဲ PCR စက်နဲ့စစ်ဖို့ မူဆယ်ပို့ပြီးမှသာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တယ်လို့ သိရပါတယ်။
ပိုးတွေ့ခဲ့တဲ့ အဆိုပါရဲအရာရှိမှာ ရန်ကုန်ကယူလာတဲ့ ကျန်းမာရေး စစ်ဆေးထားတဲ့ ထောက်ခံချက်တွေ ပါလာပေမယ့် သတ်မှတ်ချက်အရ ရက်လွန်နေတယ်လို့ ကျန်းမာရေးဘက်က ပြောတဲ့အကြောင်း လားရှိုးမြို့မရဲစခန်း ရဲအုပ်မြင့်ကျော်က ပြောပါတယ်။
ပိုးတွေ့လူနာနဲ့အဖွဲ့ရဲ့ ထောက်ခံစာဟာ နိုဝင်ဘာ ၂၉ က အပြင်ဆေးခန်း က စစ်ဆေးပေးထားတာမို့ အကျုံးမဝင်ဘူးလို့လည်း လားရှိုးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတဦးကပြောပါတယ်။
လတ်တလော အဆိုပါရဲအရာရှိနဲ့အဖွဲ့ တည်းခိုခဲ့တဲ့ တည်းခိုခန်းနဲ့ လက်ဖက်ရည်ဆိုင်ကို အသွားအလာကန့်သတ် ယာယီပိတ်ထားကာ ဆေးလည်းလာဖျန်းသွားကြပါပြီလို့ တည်းခိုခန်းပိုင်ရှင်က ပြောပါတယ်။
အဆိုပါ ပိုးတွေ့လူနာ ရဲအရာရှိဟာ ဆေးစစ်ချက်အဖြေစောင့်ဆိုင်းနေချိန် လားရှိုး မြို့တွင်းသွားလာခဲ့တဲ့အတွက် လားရှိုးမြို့ပြည်သူတွေ အကြား စိုးရိမ်ပူပန်နေပါတယ်။
လက်ရှိမှာ ရဲအရာရှိကတော့ လားရှိုးဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေပြီး၊ ပညာရေးကောလိပ်မှာ ကျန် ၆ ယောက်ကို ကွာရန်တင်းဝင်ဖို့ ပို့ ဆောင်ထားပါတယ်။
လားရှိုး မြို့မရဲစခန်းက ပိုးတွေ့လူနာနဲ့ ထိတွေ့မိသူ ရဲဝန်ထမ်း ၆ ယောက်ကိုလည်း ဒီဇင်ဘာ ၁၃ ရက်နေ့က RDT နဲ့စစ်ဆေးတဲ့အခါမှာတော့ ပိုးမတွေ့ခဲ့ဘဲ ဒီကနေ့ PCR နဲ့ ထပ်မံ ဆေးစစ်မှာ ဖြစ်ပါတယ်။
သတင်း - နန်းစံပယ်