ကိုဗစ်ကာလ ပခုက္ကူခရိုင်တွင် အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများလာ
DVB
·
December 13, 2020
ကိုဗစ်ကာလ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများလာပြီး တွေ့ဆုံဆွေးနွေးပိုင်းဆိုင်ရာတွေနဲ့ ရှေ့ဆက်နိုင်မယ့်လမ်းကြောင်းတွေကို လမ်းညွှန်ပေးတာတွေ လုပ်ဆောင်ပေးနေတယ်လို့ ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတာဝန်ရှိသူက ပြောပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုတွေကတော့ မိသားစုတွင်း အကြမ်းဖက်တာတွေနဲ့ ဇနီး၊ ကလေးတွေကို ရိုက်နှက်တာ စတာတွေရှိတယ်လို့ သိရပါတယ်။
ပခုက္ကူမြို့နယ်အတွင်းမှာတော့ သက်ငယ်မုဒိမ်းမှု အပါအဝင် အိမ်တွင်းအကြမ်းဖက်ခံရမှုတွေ လာရောက်ဆွေးနွေးတာ ၅ ခု၊ ၆ ခုလောက် ရှိတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန ပခုက္ကူခရိုင် လူမှုဝန်ထမ်းရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။
“ရုံးကို လာတယ်ဆိုရင် သူတို့ကို စိတ်ပိုင်းဆိုင်ရာ Counselling ပေးတယ်။ သူတို့ရဲ့ လမ်းကြောင်းပေါ်ကို လုပ်သွားရမယ့်လမ်းကြောင်းပေါ်ကို ညွှန်ပြပေးရင်တော့ အဲ့ဒါတွေက ပြီးသွားတာများတယ်။ တွေ့ဆုံဆွေးနွေးပိုင်းဆိုင်ရာတွေမှာတော့ အိမ်တွင်းအကြမ်းဖက်မှုတွေက များပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကတော့ တမိုးအောက်တည်းမှာပေါ့နော် ကိုယ့်ရဲ့မိသားစု ဇနီး၊ ခင်ပွန်း ဒါကနေပြီးတော့ အကြမ်းဖက်တာ အဲ့ဒါတွေကများတယ်။ ခင်ပွန်းကနေပြီးတော့ ဇနီးကို အကြမ်းဖက်တာတွေ၊ ဇနီးနဲ့ ကလေးတွေကို ရိုက်နှက်တာတွေ ပြောဆိုတာတွေ ဒါတွေတော့များပါတယ်။”
အကြမ်းဖက်ခံရမှုတွေနဲ့ပတ်သက်ပြိး နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနကို တိုင်ကြားလာတာတွေရှိသလို တိုင်ကြားမှုတွေကို သက်ဆိုင်ရာ ခရိုင်ရုံးကို ပြန်လည် အကြောင်းကြားစာရရှိတဲ့အခါမှာ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ဆေးကုသမှုဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာတွေကို သက်ဆိုင်ရာဌာနတွေနဲ့ချိတ်ဆက်ပေးပြီး ကွင်းဆင်းဆောင်ရွက်ပေးတယ်လို့ ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။
“ကျမတို့ အကြောင်းကြားစာတွေကို အဲဒီထဲမှာပါတဲ့ လိပ်စာနဲ့ ကာယကံရှင်ကိုသွားပြီးတော့ ကွင်းဆင်း ဆောင်ရွက်ရတယ်။ ကာယကံရှင်က သူ့အတွက် ဘာတွေလိုအပ်လဲ ဆိုတဲ့အခါကျတော့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုလိုတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုကို ဆောင်ရွက်ပေးတယ်။ ဆေးကုသမှု ခံယူတဲ့အပိုင်း ရှိတယ်ဆိုရင် ကျမတို့ ဆေးကုသမှုဆိုင်ရာ ကျန်းမာရေးနဲ့ချိတ်ပြီးတော့ ဆောင်ရွက်ပေးတယ်။ တရားဥပဒေပိုင်းဆိုင်ရာကို လိုအပ်တယ်ဆိုရင်လည်း တရားဥပဒေပိုင်းဆိုင်ရာနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးတယ်ပေါ့နော်။“
ကျား၊ မ ခွဲခြားမှု ပပျောက်စေဖို့အတွက်လည်း အသိပညာပေး ဆွေးနွေးပွဲတွေ စတင်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ကိုဗစ်ကာလအတွင်းမှာ နိုင်ငံတကာမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှု အများဆုံးဖြစ်ပြီး ကိုဗစ်ကာလ မတိုင်ခင်ကထက် ၃၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာတယ်လို့ နိုင်ငံတကာ သုတေသန စစ်တမ်းအဖွဲ့တွေအရ သိရပါတယ်။