Homeမြန်မာသတင်း
မူဆယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ငွေကျပ် သိန်း ၆၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
မူဆယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ငွေကျပ် သိန်း ၆၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
December 13, 2020
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တို့မှာ ငွေကျပ်သိန်း ၆,၅၀ဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှုထိန်းချုပ်ရေး ဗဟိုကော်မတီက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန်လောက်က မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီကားဝင်းအတွင်းမှာ လူမဲ့တန်ဆာပစ္စည်းတွေကို စစ်ဆေးနေစဉ် ယောဟန်ဆိုသူဆီကနေ မူဆယ်ကနေ မန္တလေးမြို့ ပို့ဆောင်ဖို့ အပ်နှံထားတဲ့ စက္ကူဂျပ်ဖာတွေနဲ့ ထည့်ထားတဲ့ ရေပူ/ ရေအေးစက် ၁၁ လုံးအား မသင်္ကာဖွယ်တွေ့ရှိတာကြောင့် ဖွင့်ဖောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ရေပူ/ရေအေးစက်တွေအတွင်းက ဘိန်းဖြူ ၈ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ယောဟန် အားစစ်ဆေးချက်အရ သိမ်းဆည်းရမိသော ဘိန်းဖြူတွေကို ဘောက်လာ(ခ)မိုးတိမ်က မန္တလေးမြို့ကို ပို့ဆောင်ခိုင်းတာလို့ သိရှိရပါတယ်။
ဒီနောက် ဘိန်းဖြူတွေကို လက်ခံမယ့် ကျော်ကျော်စိုးနဲ့ ကျော်ဇင်ဝိုင်းတို့ ငှားရမ်းနေထိုင်တဲ့ မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ အပိုင်း(၆)၊ အောင်ကမ္ဘာလမ်းသွယ်၊ အိမ်အမှတ်(၁၇၃)ရှိ နေအိမ်ခန်းအား ရှာဖွေရာ သူတို့နှစ်ဦးကို မတွေ့ရှိဘဲ နေအိမ်အခန်းတွင်း စက္ကူဂျပ်ဖာတွေနဲ့ ထည့်ထားတဲ့ ရေပူ/ရေအေးစက် ၁၁ လုံးအတွင်းက ဘိန်းဖြူ ၈ ဒသမ ၆၈ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
ယောဟန်၊ ကျော်ကျော်စိုး (ဖမ်းမမိ)၊ ကျော်ဇင်ဝိုင်း(ဖမ်းမမိ)၊ ဘောက်လာ(ခ) မိုးတိမ် (ဖမ်းမမိ) တို့အား ဥပဒေအရ အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။