မြဝတီတွင် ထိုင်းနိုင်ငံက ခိုးသွင်းသည့် အခွန်မဲ့ယာဉ် ၆၈ စီး ဖမ်းမိ
DVB
·
December 12, 2020
ထိုင်းနိုင်ငံ မဲဆောက်ဘက်ကနေ ခိုးသွင်းလာတဲ့ အခွန်မဲ့မော်တော်ယာဉ် ၆၈ စီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး မြဝတီမြို့ခံရပ်ကွက်ဥက္ကဋ္ဌ၊ မြို့မိမြို့ဖတွေနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ညပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအခွန်မဲ့မော်တော်ယာဉ်တွေကို ဂျပန်နိုင်ငံကတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်စပ်မှ မြဝတီမြို့ဘက်ကို သွင်းလာတာ ဖြစ်ပြီး မြဝတီမြို့ အမှတ် (၅) ရပ်ကွက်က ခြံဝင်းတခုမှာ ဖမ်းဆီးမိခဲ့တာလို့ ရဲစခန်းက သိရပါတယ်။
မြဝတီမြို့နယ်အတွင်းရှိ တရားမဝင် အခွန်မဲ့ မော်တော်ယာဉ်တွေကို ဒီဇင်ဘာလအတွင်း ရှင်းလင်းဖမ်းဆီးဖို့အတွက် မြန်မာ့တပ်မတော် မြန်မာ့ရဲတပ်ဖွဲ့နဲ့ တခြားတာဝန်ရှိသူတွေပူးပေါင်းပြီး စစ်ဆေးဖမ်းဆီးသွားမယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ ကားကြီး၊ ကားငယ် ၆၈ စီးကို သိမ်းဆည်းလိုက်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ မြဝတီရဲစခန်းကနေ သိရပါတယ်။