ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲကုန်ကျစရိတ် ကျပ် ၆၃ သိန်း ဝန်းကျင်ရှိ
အာကာ
·
December 10, 2020
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ဟာ ကျပ် ၆၃ သိန်း ဝန်းကျင်ရှိတယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ကနေ ရွေးကောက်ခံရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်က ဒီဇင်ဘာလ ပထမပတ် ကတင်ခဲ့တာပါ။
ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလှိုင်က "သတ်မှတ်ထားတဲ့ ခေါင်းစဉ်တွေအောက်ကပဲ သုံးစွဲထားတာပါ။ ကျပ် ၆၃ သိန်းဝန်း ကျင်ဖြစ်ပါတယ်”လို့ပြောပါတယ်။
ဒီဇင်ဘာလ ပထမပတ်မှာပဲ တာမွေမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ရွေးကောက်ခံရတဲ့ သမ္မတ ဦးဝင်းမြင့်ကတော့ ကိုယ်တိုင် ရွေးကောက်ပွဲကုန်ကျစရိတ်ကို တင်သွင်းခဲ့ပြီး ကုန်ကျစရိတ် ကျပ်သိန်း ၃၀ ဝန်းကျင်ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် အားလုံးမှာ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၆၃၉ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရ ကိုယ်စားလှယ်ရော၊ ရှုံးတဲ့ ကိုယ်စားလှယ်လောင်းတွေပါ ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး ကုန်ကျစရိတ် တင်သွင်းကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။