မူဆယ်တွင် ကိုဗစ်-၁၉ လူနာအားလုံး ရောဂါကင်းစင် ဆေးရုံမှဆင်း
နန်းမြနဒီ
·
December 8, 2020
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်ရှိ မူဆယ်ဆေးရုံကြီးမှာ ကိုဗစ်-၁၉ လူနာဦးရေ စုစုပေါင်း ၃၃ ဦး တက်ရောက်ကုသခဲ့ပြီး လူနာတွေအားလုံး ရောဂါကင်းစင်လို့ ဆေးရုံက ဆင်းသွားပြီမို့ တစ်ဦးတစ်ယောက်မှ မကျန်တော့သလို ကွာရန်တင်းဝင်နေသူတွေလည်း မရှိတော့ဘူးလို့ မူဆယ်လူမှုကူညီရေးအသင်းက ပြောပါတယ်။
မူဆယ်ခရိုင်ဆေးရုံကြီးမှာ ၂၀၂၀ ဧပြီလ ၂၆ ရက်နေ့ကစလို့ ကိုဗစ်-၁၉ ပိုးတွေ့ လူနာစုစုပေါင်း ၃၃ ဦး တက်ရောက်ကုသခဲ့ကြောင်း နောက်ဆုံးလူနာမှာ လွန်ခဲ့တဲ့ ၄ ရက် (ဒီဇင်ဘာလ ၄ ရက်) နေ့က ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။
နောက်ထပ်လူနာသစ် ရောက်မလာသလို ကွာရန်တင်းဝင်နေတဲ့သူ ၄၇ ဦးဟာလည်း ဒီနေ့ ရက်စေ့ပြီး နေရပ်ပြန်သွားကြတာမို့ လောလောဆယ် မူဆယ်မြို့မှာ ကိုဗစ်-၁၉ ကင်းစင်သွားပြီလို့ ကိုဗစ်-၁၉ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးနေတဲ့ မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“မူဆယ်ဆေးရုံမှာ နောက်ဆုံးတက်ခဲ့တဲ့ ၃၃ ယောက်မြောက်လူနာက အသက် ၁၉ နှစ်ရွယ် မိန်းကလေးပါ။ သူက နေကောင်းကျန်းမာလို့ ဆေးရုံဆင်းသွားတာ ၄ ရက်ရှိပြီ။ အဲဒီကတည်းက လူနာသစ်မရှိဘူး။ ကျန်တဲ့သူတွေက ဒီမတိုင်ခင်ကတည်းက ဆေးရုံဆင်းသွားတော့ လောလောဆယ် ကိုဗစ်-၁၉ လူနာ ကင်းစင်နေတယ်ပေါ့နော်။ ကွာရန်တင်းဝင်နေတဲ့သူ ၄၇ ယောက်လည်း ဒီကနေ့ ရက်စေ့သွားလို့ ပြန်ကုန်ပြီခင်ဗျ ”
အဆိုပါ ကိုဗစ် ၁၉ လူနာ ၃၃ ဦးမှာ မူဆယ်ဒေသခံ ၇ ဦးသာရှိပြီး ကျန်သူတွေမှာ တရုတ်နိုင်ငံက ပြန်လာသူနဲ့ ရပ်ဝေးက အဝေးပြေးကုန်တင်ကားမောင်းသူတွေ၊ ယာဉ်နေ ာ က်လိုက်တွေ ဖြစ်တယ်လို့ ဆိုပါတယ် ။
မူဆယ် ဒေသခံ ၇ ဦးအနက် ပထမဆုံး ကိုဗစ် လူနာမှာ အသက် ၈၇ နှစ်ရွယ် အဖွားအိုတယောက်ဖြစ်ပြီး ဒူဘိုင်းနိုင်ငံကို ခရီးသွားထားတဲ့ရာဇဝင်ရှိကြောင်း၊ နောက်ထပ် ၃ ဦးမှာ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေလို့ ဆိုပါတယ်။
ကွာရန်တင်းစင်တာမှာ လောလောဆယ် လူမရှိသေးပေမယ့်လည်း မနေ့ကနဲ့ ဒီကနေ့ ၂ ရက်မှာ တရုတ်နိုင်ငံက ပြန်လာသူပေါင်း အယောက် ၅၀ ရှိပြီး သူတို့တွေကို ကျန်းမာရေးဆေးစစ်နေကာ အဆိုပါဆေးစစ်ချက်ပေါ်မူတည်ပြီး ကွာရန်တင်းထပ်ဝင်လာမယ့်သူတွေ ရှိချင်ရှိဦးမယ်လို့ ဦးသောင်းထွန်းက ပြောပါတယ် ။
မူဆယ်မှာ ပိုးတွေ့လူနာမရှိတာ ၄ ရက်ရှိသွားပြီဆိုပေမယ့် ရောဂါပိုးကင်းသွားပြီဆိုပြီး စိတ်ချကာပေါ့လျော့နေလို့တော့ မရကြောင်းနဲ့ ကိုဗစ်-၁၉ ကူးစက်မှု အချိန်မရွေး ထပ်ရှိနိုင်တာမို့ လူတိုင်း ကျန်းမာရေးနဲ့အညီ ဂရုစိုက်နေထိုင်ကြဖို့ ဂရုဏာလူမှုကူညီရေးအသင်းက တိုက်တွန်း ပါတယ်။