မကွေးတိုင်းတွင် ကျန်းမာရေးဝန်ထမ်းနှင့်မိသားစုအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၁၁ ဦးတွေ့ရှိ
DVB
·
December 7, 2020
မကွေးတိုင်းမှာ ကျန်းမာရေးဝန်ထမ်းနဲ့ မိသားစုဝင် ၅ ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၁ ယောက် ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မနေ့ညနေက ထုတ်ပြန်ပါတယ်။
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးက ပိုးတွေ့ခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းနဲ့ ထိစပ်ခဲ့တဲ့ ဝန်ထမ်းနဲ့ မိသားစုဝင် ၁၀၀ ကျော်အနက် အနီးစပ်ဆုံး ထိစပ်ခဲ့သူ ၉၀ ကျော်ကို စစ်ဆေးရာမှာ မိသားစုဝင် ၄ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းဝင်းဌေးက DVB ကို ပြောပါတယ်။
ဒါ့အပြင် သင်ကြားရေးဆေးရုံက အငယ်တန်းကျန်းမာရေးဝန်ထမ်း တစ်ယောက်မှာလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သက်ဆိုင်ရာဆေးရုံတာဝန်ရှိသူက ဆိုပါတယ်။
လူနာသစ်တွေကတော့ မကွေးမြို့နယ်က ၈ ယောက်၊ မင်းဘူးမြို့နယ်က ၂ ယောက်နဲ့ ချောက်မြို့နယ်က ၁ ယောက်ဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
မကွေးတိုင်းမှာ ပိုးတွေ့လူနာတွေများပြားလာတာကြောင့် Mask Campaign တွေ အချိန်မြှင့်လုပ်ဆောင်နေသလို မြို့နယ်အလိုက် RTD Tesk Kit တွေနဲ့ ပိုမိုစစ်ဆေးနေပြီး ကုသရေးပိုင်းအတွက်လည်း ဆေးရုံတွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးမှာ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅၅၃ ယောက်ထိ ရှိလာပြီး ဆေးရုံဆင်းခွင့်ရသူ ၁၃၀၄ ယောက်နဲ့ သေဆုံးသူ ၃ ယောက်ရှိတယ်လို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
မင်းထီး