အမျိုးသမီး ၁ ဦးအား အဓမ္မကျင့်ခဲ့သည့် စစ်သည် ၃ ဦးကို ပထမအကြိမ် စတင်စစ်ဆေး
DVB
·
December 6, 2020
ရခိုင်ပြည်နယ်က အမျိုးသမီးတယောက်ကို အဓမ္မကျင့်ခဲ့တဲ့ တရားခံစစ်သား ၃ ယောက်ကို ကျူးလွန်တယ်လို့ ထွက်ဆိုပြီး ၃ လအကြာမှာ ပထမဆုံးအကြိမ် အကျဉ်းစစ်တရားရုံးချုပ်နဲ့ စတင်စစ်ဆေးလိုက်ပါတယ်။
ရသေ့တောင်မြို့နယ် ဦးဂါရွာနေ အမျိုးသမီးတယောက်ကို အဓမ္မကျူးလွန်ခဲ့တဲ့ တရားခံစစ်သည် ၃ ယောက်ကို ဒီဇင်ဘာ ၃ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ ကနေ ၁၁ နာရီ ၁၀ မိနစ်အထိ မိနစ် ၅၀ ကြာ စစ်တွေတပ်နယ်မှာ အကျဉ်းစစ်တရားရုံးချုပ်နဲ့ စစ်ဆေးတာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
စစ်တရားရုံးကို ပွင့်လင်းမြင်သာမှုရှိရှိစစ်ဆေးတာဖြစ်လို့ ဆင့်ခေါ်ထားတဲ့ တရားလိုနဲ့ သက်သေတွေ၊ တရားရုံးရှေ့နေတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရခိုင်အမျိုးသမီး ကွန်ရက်က လေ့လာသူတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်တရားရုံးက ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပြီး တရားခံတွေကို ပြစ်ဒဏ်ချမှတ်တာကို အတည်ပြုအာဏာပိုင်လက်မှတ်ရေးထိုးပြီးရင် ဆက်လက်ထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။
ကျူးလွန်ခဲ့သူတွေဟာ စက်တင်ဘာလဆန်းမှာ ဝန်ခံထွက်ဆို ဖြောင့်ချက်ပေးခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇွန် ၃၀ ရက်က ရသေ့တောင်မြို့နယ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်ကြောင်းတခုက ဦးဂါကျေးရွာနားမှာ တပ်ချခဲ့ပြီး ဦးဂါကျေးရွာနေ အမျိုးသမီးတယောက်ကို စစ်သည် ၃ ယောက်က အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင် အမျိုးသမီးက စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တဲ့ အမှုဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းဟာ မှန်ကန်မှုမရှိကြောင်းနဲ့ ပြည်သူလူထု အထင်လွဲမှားစေဖို့ လုပ်ကြံဖန်တီးပြီး မမှန်သတင်းဖော်ပြတာသာ ဖြစ်ကြောင်း ဇူလိုင် ၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
အဲဒီနောက်မှာမှ ပထမအကြိမ် စစ်မေးရာမှာ ပြစ်မှုကျူးလွန်သူ ၃ ယောက်က ပြစ်မှုကျူးလွန်ခဲ့တာ မရှိကြောင်း လိမ်လည်ထွက်ဆိုခဲ့ပြီး နှစ်ဖက်သက်သေထွက်ဆိုချက်တွေ ကွဲလွဲမှုများပြားနေလို့ စက်တင်ဘာလဆန်းမှာ ပိုမိုတိကျတဲ့ စစ်ဆေးချက်တွေနဲ့ ဒုတိယအကြိမ် ထပ်မံစစ်ဆေးမှသာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုဖြောင့်ချက်ပေးခဲ့တာလို့ ဆိုပါတယ်။