ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်လုပ်ရန် နေပြည်တော်တွင် ညှိနှိုင်းဆွေးနွေး
DVB
·
December 4, 2020
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေဆက်လက်ပြုလုပ်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးကို နေပြည်တော်မှာ ၂ ရက်ကြာ ကျင်းပနေပါတယ်။
အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှာ ဒီဇင်ဘာ ၃ ရက်နဲ့ ဒီဇင်ဘာ ၄ ရက်နေ့တွေမှာ ကျင်းပနေတာလို့ NRPC က သတင်းထုတ်ပြန်ထားပါတယ်။
အစည်းအဝေးမှာ အန်စီအေ တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်သွားမယ့် အစီအစဉ်တွေသာမက အန်စီအေ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဆွေးနွေးညှိနှိုင်းမယ့် အစီအစဉ်တွေကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အစည်းအဝေးကို NRPC ဒုဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း) မှ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုဗိုလ်ချုပ်ကြီး မင်းနောင်နဲ့ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေနဲ့ ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပါတယ်။
ဓာတ်ပုံ- MRPC